အစိုးရကျင်းပမယ့် အာဇာနည်နေ့အခမ်းအနား တက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား

လာမယ့် အင်္ဂါနေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်း မြန်မာအစိုးရအရာရှိတဦးက AFP သတင်းဌာနကို ဒီကနေ့ အတည်ပြု ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန် မြင်ကွင်း။
ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန် မြင်ကွင်း။ (မှတ်တမ်းဓာတ်ပုံ)

မြန်မာအစိုးရ အာဏာပိုင်တွေက ဦးဆောင်ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို ပြောကြားခဲ့အပြီး အခုလို မြန်မာအစိုးရဘက်က အတည်ပြုချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖိတ်စာ ပေးပို့ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တက်ရောက်ဖို့ သဘောတူလိမ့်မယ်လို့ ထင်ကြောင်းလည်း အဲဒီ အစိုးရအရာရှိက ပြောပါတယ်။ ရန်ကုန် အာဇာနည်ဗိမာန်မှာ ဇူလိုင်လ ၁၉ ရက်နေ့ မနက် ကျင်းပမယ့် ဒီအခမ်းအနားမှာ ရန်ကုန်မြို့တော်ဝန် ဦးဆောင်တဲ့ အစိုးရအရာရှိတွေ တက်ရောက်မယ်လို့လည်း သူက ပြောပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ရင် အခုတကြိမ်ဟာ ၉ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်မယ်လို့ သိရပါတယ်။

မကြာခင်ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပုဂံခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အာဏာပိုင်တွေဘက်က တရားဝင် ဖိတ်ကြားခဲ့ရင် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် ရွှေဂုံတိုင်လမ်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာလည်း ကျင်းပဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အခမ်းအနားမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုခြင်း အစီအစဉ်နဲ့ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ အာဇာနည်နေ့ ကြေညာချက်ကို ဖတ်ကြားမှာဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

အခမ်းအနားမှာ သဘာပတိအဖြစ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ဆောင်ရွက်မှာဖြစ်ပြီး အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားမှာဖြစ်ကြောင်း၊ အဲဒီနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေက အာဇာနည်နေ့အတွက် စပ်ဆိုထားတဲ့ ကဗျာကို ရွတ်ဆိုကြမယ့် အကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။

နိဂုံးချုပ်အနေနဲ့ သဘာပတိ ဦးတင်ဦးက အမှာစကား ပြောကြားပြီး အခမ်းအနား ပြီးဆုံးမှာဖြစ်ကြောင်း သိရပါတယ်။