ICJ တရားစွဲမှု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရင်ဆိုင်မည်


2019.11.20
dassk-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
Photo: AFP

မြန်မာနိုင်ငံကို တရားဥပဒေအရအရေးယူဖို့ ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားချက်နဲ့ ပတ်သက်ပြီး ရင်ဆိုင် ဖြေရှင်းဖို့ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်သွားရောက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ  ဒေါ်အောင်ဆန်းစုကြည်က ဦးစီးသွားမှာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာခဲ့ကြတဲ့ ရိုဟင်ဂျာတွေကိစ္စနဲ့ ပတ်သက်ပြီး  OIC အစ္စလာမ်မစ် ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရားစွဲခဲ့တာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်တိုင်ကြားချက်ကို နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပထမဦးဆုံးအနေနဲ့ ကြားနာမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်မှာတော့ တရားစွဲခံရတဲ့ မြန်မာဘက်က လျှောက်လဲချက်ကို ကြားနာမှာဖြစ်ပါတယ်။

အခုလို  ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်လာတဲ့အတွက် တရားရေးဖြေရှင်းမှုတွေမှာ မြန်မာအတွက် အမှုစစ်တဲ့အဆင့်ထိတောင် ရောက်လာနိုင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းကြောင်း ရှေ့နေဦးမင်းလွင်ဦးက RFA ကိုပြောပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင်ကတည်းက ကုလသမဂ္ဂမှာ အလုပ်လုပ်ခဲ့သူဖြစ်တယ်။ နိုင်ငံတကာ ဥပဒေတွေ တတ်ကျွမ်းပြီးသားသူဖြစ်တဲ့အတွက် အခုလိုစွဲဆိုခံရတဲ့ကိစ္စမှာ ခုခံချေပဖို့အတွက်တင်ဖို့သွားတာလို့ ယူဆတယ်။ ဒါကတရားမမှုလိုပဲ ဟိုဘက်ကတင်တယ် ဒီဘက်ကချေပတယ်။ စာရွက်နဲ့ပဲ အပြန်အလှန်ချေပရမယ့် သဘော။ ဒီဟာက အမှုစစ်တဲ့အထိ ရောက်လာမှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဒီအဆင့်မှာပဲ နိုင်ငံတကာနဲ့ ညှိနှိုင်းဖြေရှင်းရင် ပြေလည်နိုင်တယ်၊ ဖြစ်နိုင်တယ်ဆိုတာကို သွားရောက်ပြောဆိုမယ်လို့ မြင်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာစစ်ခေါင်းဆောင်နဲ့ အစိုးရခေါင်းဆောင်တွေကို အရေးယူဖို့အထိ တွန်းအားတွေရှိလာနေတဲ့အချိန်မှာ  နယ်သာလန်နိုင်ငံ တရားရုံးကိုသွားဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့တာဟာ စိုးရိမ်စရာမရှိနိုင်ဘူးလို့လည်း ရှေ့နေဦးမင်းလွင်ဦးက ဆိုပါတယ်။

"ဒီအမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးက လက်ခံတယ်ဆိုရင်တောင် နိုင်ငံတကာဥပဒေအရ တဖက်နဲ့တဖက် ညှိနှိုင်းဆောင်ရွက်ပေးတဲ့အဆင့်ပဲ။ လူကိုဖမ်းဆီးအရေးယူဖို့အတွက် အခွင့်အာဏာမရှိဘူး။ တနိုင်ငံနဲ့ တနိုင်ငံ ညှိနှိုင်းဆောင်ရွက်ပေးမယ်။ ဥပဒေချိုးဖောက်တာရှိရင် ချိုးဖောက်တဲ့ဘက်က နစ်နာမယ်။ ဒါပဲရှိမယ်။ လူတဦးတယောက်ကို အပြစ်ပေးနိုင်တဲ့အထိ မရှိပါဘူး"

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုချက်ကို ရင်ဆိုင်ဖို့ နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေကို ငှားရမ်းထားပြီး ဖြစ်တယ်လို့လည်း  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘယ်အဖွဲ့ကို ငှားရမ်းထားသလဲဆိုတာကိုတော့ အသေးစိတ်ဖော်ပြမထားပါဘူး

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။