ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ဓာတ်ဆီပုလင်းနဲ့ ပစ်ပေါက်ခံရ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အဝင်ဝကို တွေ့ရစဉ်
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အဝင်ဝကို တွေ့ရစဉ် (Photo: Thant Zin Oo/RFA)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို ဒီနေ့မနက်မှာ ဓာတ်ဆီပုလင်းကိုမီးရှို့ပြီး ပစ်ပေါက်မှု ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိ စစ်ဆေးနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ပိုပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"သေချာမသိသေးဘူးခင်ဗျ၊ ပြီးတော့ ရဲကားတွေလာပြီး စစ်ဆေးနေတာတော့ရှိတယ်။ အဓိကကတော့ လုံခြုံရေးမှာ စည်းကမ်းတွေ တင်းကြပ်လိုက်ရမယ်။ ပြီးတော့ လုံခြုံရေးတာဝန်ယူတဲ့သူတွေကို ပိုပြီးတော့ တာဝန်ယူတဲ့ ဦးရေကို တာဝန်ပေးဖို့ ဒါတွေကတော့ အရေးကြီးမှာပါခင်ဗျ၊ အစိုးရက အစိုးရရဲ့လုံခြုံရေးကို လုပ်မယ်။ ကျနော်တို့က ပါတီရဲ့လုံခြုံရေးကို လုပ်ရမှာပါခင်ဗျ"

အဲဒီလို ဓာတ်ဆီပုလင်း မီးရှို့ပြီး ပစ်ခတ်ခံခဲ့ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အတွင်းမှာ မီးလောင် ပျက်စီးတာ၊ ထိခိုက်ဒဏ်ရာရတာတွေမရှိဘူးလို့ ပြောပါတယ်။

ဓာတ်ဆီပုလင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူဟာ အသက် ၄၀ ခန့်ရှိသူဖြစ်ပြီး၊ အရပ် ၅ ပေ ၅ လက်မခန့်ရှိကာ အသားညို၊ ခန္ဓာကိုယ် ဝသူတစ်ယောက်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ဖို့အတွက် သတင်းပေးကြဖို့လည်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လက်ရှိအချိန်မှာ ရန်ကုန်မြို့က နေအိမ်မှာ မရှိဘဲ နေပြည်တော်မှာ ရှိနေတာဖြစ်ပါတယ်။