နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးစစ်ဆေးမှု ခံယူ
2016.10.03

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံမှာ ဒီကနေ့ ၂ နာရီ နီးပါးကြာ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ပါတယ်။
ဆေးစစ်မှုခံယူအပြီးမှာ ရန်ကုန်ဆေးတက္ကသိုလ် ၁ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ သတင်းမီဒီယာသမားတွေကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလလက အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတွေကို ၂ ပတ်ကြာ သွားရောက်ခဲ့တဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးပန်းတာ၊ အစာအိမ်ရောင်တာ၊ ဇက်ကြောကျီးပေါင်းတက်တာ၊ အားနည်းတာတွေကြောင့် ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ အနားယူခဲ့ရပါတယ်။
အဲဒီနောက် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာ အာဆီယံပါလီမန်များ ညီလာခံဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါတယ်။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆေးစစ်မှုကို နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင် နဲ့ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေ လာရောက်ကြည့်ရှုခဲ့ပါတယ်။