ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံရယူ

တောင်ကိုရီယားနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းက ဂွမ်ဂျူးမြို့မှာရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ဗိမာန်မှာ ပန်းစည်းချ ဂါရဝပြုခဲ့ပါတယ်။

2013.01.31
dassk-korea-305 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မနက်ပိုင်းက ဂွမ်ဂျူး လူ့အခွင့်အရေးလှုပ်ရှားသူဆုကို လက်ခံရယူစဉ်
Photo : NLD (LA) Korea Branch

၁၉၈၀ ခုနှစ် မေ ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားတွေအပါအဝင် ပြည်သူလူထုကို စစ်အာဏာရှင် ချန်ဒူးဝမ် အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ရာမှာ တောင်ကိုရီးယား ကျောင်းသားနဲ့ ပြည်သူ ၂၀၀၀ လောက်အထိ ကျဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီသူရဲကောင်း ဂူဗိမာန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည် ကမ္ဗည်းထိုးထားတဲ့ သစ်ပင်တစ်ပင်ကိုလည်း အမှတ်တရ စိုက်ခဲ့ပါတယ်။

ဒီမိုကရေစီ သူရဲကောင်း ဂူဗိမာန်မှာ ဂါရဝပြုပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူနေအိမ်အကျယ်ချုပ်ကျစဉ်ကာလ ၂၀၀၄ ခုနှစ်က ဂွမ်ဂျူးမြို့က ပေးအပ်တဲ့ “ဂွမ်ဂျူး လူ့အခွင့်အရေးဆု” နဲ့ ဂွမ်ဂျူးမြို့တော်ဝန်ရဲ့  ဂွမ်ဂျူးမြို့သူဆုကိုလည်း လက်ခံယူခဲ့ပါတယ်။

ဂွမ်ဂျူးမြို့သူဆုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုလိုတဲ့အတွက် သီးသန့်ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဆုရယူစဉ် မိန့်ခွန်းပြောရာမှာ သူနေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလအတွင်း ဂွမ်ဂျူးမြို့သူမြို့သားတွေနဲ့အတူ တောင်ကိုရီးယား ပြည်သူတွေကနေပြီးတော့ မြန်မာ့ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် အားပေးထောက်ခံခဲ့တဲ့ ကျေးဇူးကို မိမိအနေနဲ့ မမေ့ဘူးဆိုတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီ ဆုပေးပွဲအခမ်းအနားကို ဂွမ်ဂျူးမြို့သူ မြို့သားတွေ နဲ့ ဂွမ်ဂျူးရောက် မြန်မာကျောင်းသားတွေအပါအဝင် မြန်မာမိသားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံရယူတာအပြင် ဂူဗိမာန်မှာ သွားရောက်ဂါရ၀ ပြုခဲ့တဲ့အခြေအနေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တောင်ကိုရီးယားဌာခွဲက ဦးရန်နိုင်ထွန်းကို RFA ဝိုင်းတော်သား ဦးဘအောင် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။