တိုင်းပြည် အကျိုးအတွက် ကော်မရှင်ကို ဦးဆောင်ခဲ့


2013.03.12
dassk-parliament-facebook.jpg မတ်လ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော် တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ
photo: RFA/ Win Naung Toe

လက်ပန်းတောင်းတောင်စီမံကိန်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်မှာ တာဝန်ယူူဆောင်ရွက်ခဲ့တာဟာ တိုင်းပြည်ရဲ့အနာဂတ်ကိုရှေ့ရှုပြီး တိုင်းပြည်သိက္ခာရှိအောင်ဆောင်ရွက်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၂ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်မှာ စုံစမ်းစစ်ဆေးကော်မရှင် အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ အဲဒီလို ထည့်သွင်းပြောခဲ့တာပါ။

"တပ်မတော်ရဲ့ ဆက်ဆံရေးတို့၊ တရုတ်နဲ့ ဆက်ဆံရေးတို့ ဒါကိုအဓိကထားတာ မဟုတ်ပါဘူး၊ တိုင်းပြည်အနာဂတ်ကို အဓိကထားတာပါ၊ တိုင်းပြည်သိက္ခာရှိအောင် နောက်ပြီးတော့ ဒီနိုင်ငံရဲ့တိုးတက်မှုအတွက် အင်အားရအောင်လို့ ဒါကိုလုပ်သွားတာပဲဖြစ်ပါတယ်၊ ဥပမာဆိုလို့ရှိရင် တပ်မတော်နဲ့ ပြည်သူကြားမှာ ပြန်ပြီးတော့ ရင်ကြားစေ့ဖို့လိုတယ်၊ အထစ်အငေါ့တွေဖြစ်နေတဲ့ဟာကို ပြေလည်သွားအောင်လုပ်ဖို့ လိုတယ်ဆိုတာ တစိုက်မတ်မတ်ပြောခဲ့တဲ့ကိစ္စပါ၊ အဲဒါနဲ့ပတ်သက်လို့ ဘာမှထူးထူးထွေထွေထပ်မလိုပါဘူး၊ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ရှိရင်လည်း အိမ်နီးနားချင်းနိုင်ငံတွေ အားလုံးနဲ့အဆင်ပြေအောင်နေကြရမယ်"

လက်ပန်းတောင်းတောင်စီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ဒေသခံတွေ ဆန္ဒပြနေတာတွေနဲ့ ပတ်သက်လို့လည်း ဆန္ဒပြတယ်ဆိုတာ အကြောင်းရင်းခိုင်လုံရမယ်၊ ဘယ်သူ့အတွက် ဆန္ဒပြနေတာလဲ၊ ဘယ်ကိုဦးတည်နေတာလဲ၊ ဒေသခံတွေ အကျိုးအတွက်လား၊ နိုင်ငံ့အတွက်လားဆိုတာကို သေချာစဉ်းစားရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါတယ်။

မတ်လ ၁၃ ရက် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြေးနီတောင်စီမံကိန်း တည်ရှိရာ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်က ဒေသခံတွေနဲ့ သွားရောက်တွေ့ဆုံမှာဖြစ်ပြီး၊ ကော်မရှင်ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို ရှင်းပြသွားမယ်လို့လည်း သိရပါတယ်။

အစီရင်ခံစာပါ အချက်တစ်ချို့နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

RFA သတင်းထောက် မအိအိခိုင်က ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။