နိုင်ငံတော် အတိုင်ပင်ခံ ဘယ်လ်ဂျီယံနိုင်ငံကို ရောက်ရှိ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁ ရက်နေ့က တွေ့ရစဉ်
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁ ရက်နေ့က တွေ့ရစဉ် (Photo: Ministry of Foreign Affair Myanmar)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ကို ရောက်ရှိပြီး မနက်ဖြန်မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘုရင်နဲ့ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဥရောပခရီးစဉ်အတွင်း လုပ်ဆောင်မှာတွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးကျော်ဇေယျက အခုလိုပြောပါတယ်။

‘’ခရီးစဉ်ကတော့ နှစ်နိုင်ငံဆက်ဆံရေး အပိုင်းလေးတွေပေါ့ ဘရပ်ဆဲလ်မှာဆို ဘုရင်နဲ့ ဝန်ကြီးချုပ် တို့နဲ့ တွေ့မယ်၊ နောက် EU နဲ့ ထိတွေ့မှုလေးပါပါမယ်၊ အီတလီမှာတော့ လွှတ်တော်အပိုင်းလေးပါမယ်၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံမှုပါမယ်၊ လန်ဒန်ကတော့ နှစ်နိုင်ငံတွေ့ဆုံမှု သက်သက်ပါ ပဲခင်ဗျ’’

ဘယ်လ်ဂျီယံနိုင်ငံမှာပဲ EU ခေါင်းဆောင်တွေနဲ့ ဆက်လက်တွေ့ဆုံမှာဖြစ်မှာဖြစ်ပြီး မေလ ၃ ရက်နေ့မှာ အီတ လီနိုင်ငံကို ရောက်မယ်လို့ ပြောပါတယ်။

အဲဒီနောက် မေလ ၅ ရက်နေ့မှာ ဗြိတိန်နိုင်ငံကိုရောက်မှာဖြစ်ပြီး နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ မှာဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ သက်ဆိုင်ရာဌာနတွေ က တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားကြပါတယ်။

မေလ ၉ ရက်နေ့မှာတော့ ဗြိတိန်နိုင်ငံက ပြန်လည်ထွက်ခွာမှာဖြစ်တယ်လို့ ပြောပါတယ်။