ပညာရေးကဏ္ဍတိုးတက်လာတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
2018.08.24

တိုးတက်လာတဲ့ကဏ္ဍတွေထဲမှာ ပညာရေးကဏ္ဍလည်း ပါဝင်တယ်လို့ နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ၂ဝ၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
တိုးတက်လာတဲ့အထဲမှာ ပညာရေးလည်း ပါဝင်သလို၊ ကျောင်းသားတွေဟာလည်း ပညာလိုချင်တဲ့စိတ် ရှိတာကို တွေ့ရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ဆရာဆရာမ သမဂ္ဂများ ကိုယ်စားပြုကော်မတီက ဒေါက်တာကျော်သန်းမိုးက ပြောပါတယ်။
“သူ့အနေနဲ့ ကျောင်းသားတွေက လိုချင်တဲ့စိတ်ရှိတယ် ဆိုတာကို တွေ့မိတဲ့အကြောင်း ပြောပါတယ်။ နောက်တစ်ခုက တခြားနိုင်ငံတွေမှာက ဘာကိုတွေ့ရလဲဆိုတော့ တက္ကသိုလ်ပညာရေးကိုပဲ တက်ချင်တဲ့ ကျောင်းသားက များတယ်၊ ဒီမှာတော့ မဟုတ်ဘူး။ တိုင်းပြည်နဲ့ လိုက်လျောညီထွေတဲ့ အသက်မွေးဝမ်းကြောင်းကို လိုအပ်တယ်ပေါ့၊ အဲဒါကို ပြောပါတယ်။ ဒီမှာက မိဘတွေကိုယ်တိုင်ရော၊ ကျောင်းသားတွေကပါ အသက်မွေးဝမ်းကြောင်းကို လိုက်ပြီးတော့ စိတ်ဝင်စားတယ်၊ အားပေးတယ်ဆိုတဲ့အကြောင်း၊ အဲဒါကို သူ့အနေနဲ့ အားရတယ်ဆိုတဲ့အကြောင်း ပြောပါတယ်”
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောအပြီးမှာ ပညာရေးကဏ္ဍမှာ လတ်တလောဖြစ်နေတဲ့ အခြေအနေတွေကို တက္ကသိုလ်ဆရာဆရာမ သမဂ္ဂများ ကိုယ်စားပြုကော်မတီက တင်ပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အခမ်းအနား အစီစဉ်ထဲမှာ မပါဝင်တဲ့အတွက် တင်ပြခွင့်ကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့တယ်လို့ ဒေါက်တာကျော်သန်းမိုးက ပြောပါတယ်။
အဲဒီဆွေးနွေးပွဲကို နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC 2 မှာ ဒီနေ့ကစပြီး မနက်ဖြန် သြဂုတ်လ ၂၅ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။