ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုတွေ ပယ်ချခံရ

RFA Burmese
2023.10.06
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုတွေ ပယ်ချခံရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ရစဉ်။
Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲထောင်ချခံထားရတဲ့ အမှုတွေထဲက အထူးအယူခံတက်ထားတဲ့ အဂတိအမှုခြောက်မှုရဲ့ အယူခံကိုပယ်ချ လိုက်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အောက်တိုဘာလ ၆ ရက် ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီအမှုတွေက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ သက်ဆိုင်တဲ့ အမှုလေးမှုနဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ ဆက်စပ်ပြီး စွပ်စွဲထားတဲ့ အမှုနှစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထောင်ချထားတဲ့ အမှုတွေထဲက အမှု ငါးမှုရဲ့ အထူးအယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။

အခုလို အယူခံအမှုတွေနဲ့ ပတ်သက်လို့ အမှုသည်တွေနဲ့ ဆွေးနွေးဖို့လိုအပ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ ရှေ့နေအဖွဲ့ က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကတည်းက တောင်းဆိုထားပေမယ့် စစ်ကောင်စီက ဒီနေ့ထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

ဒါကြောင့် အယူခံတက်ထားတဲ့ အမှုကိစ္စတွေမှာ အမှုသည်တွေနဲ့ ရှေ့နေတွေ လူချင်းတွေ့ဆုံပြီး အမှုအကြောင်းအရာ ဆွေးနွေးတိုင်ပင်ခွင့်တွေ မရဘဲ အယူခံတွေ ဆက်တိုက်ပယ်ချခံနေရတာ ဖြစ်ပါတယ်။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရချိန် သြဂုတ်လ ၁ ရက်မှာ အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့်ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ကျခံနေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထောင်ချထားတဲ့ ကျန်အမှုတွေအတွက်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ အယူခံ အဆင့်ဆင့် ဆက်တက်ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Kyaw min
2023-10-06 14:53

Very good 👍👍👍