ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိနှစ်မှု လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ အဂတိမှုနှစ်မှုကို အောက်တိုဘာ ၄ ရက် လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်ဒီနေ့ အဲဒီအမှုနဲ့ပတ်သက်တဲ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီအမှုမှာ နောက်ထပ်စစ်ဆေးမယ့်သူ မကျန်တော့တာကြောင့် နှစ်ဖက်စလုံးက အပြီး သတ်လျှောက်လဲချက်ပေးဖို့ အောက်တိုဘာ ၄ ရက်နေ့ကို တရားရုံးက ပြန်လည်ချိန်းဆို ခဲ့တာပါ။

အပြီးသတ်လျှောက်လဲချက် ပေးပြီးရင်တော့ အမိန့်ချတဲ့အဆင့်ကို ရောက်ရှိမှာဖြစ်ပါတယ်။

ဒီအမှုဟာ ဦးမောင်ဝိတ်က သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြပေးအပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငါးသိန်းငါးသောင်းကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွင်း လေးကြိမ် ခွဲပြီးတော့ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုနှစ်မှု ဖြစ်ပါတယ်။

မေလ ၃၁ ရက် ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် ဦးမောင်ဝိတ်ကိုယ်တိုင် လာရောက် ထွက်ဆိုချိန်က ငွေတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ အသုံးပြုဖို့သာရည်ရွယ်ပြီး လှူခဲ့ တဲ့အကြောင်း ထွက်ဆိုခဲ့သလို အဲဒီရုံးချိန်းမှာပဲ ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်ကန်တော့ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက အမှု ၁၁ မှုအတွက် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထား ရသလို ကျန်တဲ့အမှုတွေကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ဆက်လက် တရားရင်ဆိုင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာရှောင်တားနဲလ် အတူပူးတွဲစွဲဆိုခံထားရတဲ့ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ-၃ (၁) (ဂ) အမှုကိုလည်း လာမယ့် ကြာသပတေးနေ့ စက်တင်ဘာ ၂၂ ရက်ရုံးချိန်းမှာ နှစ်ဖက်စလုံးက အပြီးသတ် လျှောက်လဲချက်ပေးဖို့ ရှိနေပါတယ်။