ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ရုံးမထုတ်ဖြစ်တာ သီတင်းပတ် ခြောက်ပတ် ကြာမြင့် လာပြီဖြစ်လို့ လူချင်းတွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော် က RFA ကို ဒီနေ့ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေတာတွေကို ထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ရုံးပိတ်ရက်ရှည်တွေကို ကြေညာခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို မစစ်ဆေးဖြစ်တာ အချိန်တစ်လခွဲထိ ကြာလာခဲ့ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ ပတ်သက်လို့ ရှေ့နေနဲ့ အမှုသည်တွေ တိုင်ပင်စရာကိစ္စတွေ ရှိနေတာ၊ အသစ်တိုးလာတဲ့ အမှုတွေအတွက် မေးမြန်းစရာတွေ ရှိလာတာကြောင့် လူချင်းတွေ့ခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
“ကျနော်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မတွေ့ရတာက၊ အမှုသည်တွေနဲ့ ရှေ့နေတွေ မတွေ့ရတာက ၁၃ ရက်နေ့ကတည်းကစပြီး မတွေ့ရပါဘူး။ အဲတော့ ခြောက်ပတ်ကျော်သွားပြီဗျ။ ဒီကြားထဲမှာ အမှုသည်တွေနဲ့ ရှေ့နေတွေ တိုင်ပင်စရာတွေ အများကြီးရှိတယ်။ အသစ်ပေါ်လာတဲ့ အမှုတွေရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ သူတို့ဆီကနေ မေးမြန်းစရာရှိတယ်။ ညွှန်ကြားချက်တွေ ယူစရာရှိမယ်ပေါ့ဗျာ။ နောက်တစ်ခါ မန္တလေးတိုင်း တရားလွှတ်တော်မှာ တင်ထားတဲ့ လေးမှုအတွက် သူတို့ပါဝါ ကျနော်တို့ တင်ဖို့ရှိတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ သူတို့သဘောထား မေးစရာရှိတယ်။ အဲတော့ သူတို့နဲ့ တွေ့ဖို့လိုအပ်နေတယ်ဗျ”
အဲဒီလိုတွေ့ခွင့်ရဖို့ ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးကနေတဆင့် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေကို ဒီအပတ်ထဲမှာ တွေ့ခွင့်တောင်းဖို့ စီစဉ်နေတာလို့လည်း သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ထဲက အထူးတရားရုံးမှာ အရင်က ဒီနေ့ သြဂုတ်လ ၂၃ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ စစ်ဆေးမယ်ဆိုပြီး ချိန်းဆိုထားတဲ့ အမှုတွေကလည်း စက်တင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေကို ရွှေ့ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက RFA ကို ပြောပါတယ်။
“သမ္မတကိုစွဲတဲ့ သဘာဝဘေးအန္တရာယ် တစ်မှုရယ်။ အမေစုကိုစွဲတဲ့ သဘာဝဘေးအန္တရာယ် တစ်မှုရယ် ဆက်သွယ်ရေးဥပဒေနဲ့ ပို့ကုန်သွင်းကုန်ဥပဒေ၊ လေးမှုပေါ့ အဲဒီလေးမှုက တနင်္လာနေ့ဖြစ်သွားမှာပေါ့။ ၅၀၅ (ခ) နဲ့ အမေစုကိုစွဲထားတဲ့ သဘာဝဘေးအန္တရာယ် တစ်မှုကတော့ အင်္ဂါနေ့ ၇ ရက်နေ့ဖြစ်သွားမှာပေါ့။ အမှုသွားအမှုလာအရ ဆိုရင်တော့ တကယ်တမ်း ဆက်စစ်သွားနိုင်မယ်။ ရုံးချိန်းတွေက ဆက်စစ်သွားနိုင် မယ် ဆိုရင်တော့ တရားခံပြသက်သေတွေ စစ်တဲ့ဘက်ကို ရောက်နိုင်တာပေါ့။ အခုကျတော့ ကြန့်ကြာနေ တဲ့အတွက်ကြောင့်မိုလို့ လောလောဆယ် ဒီမူလအနေအထားအတိုင်းပါပဲ တရားလိုပြသက်သေတွေ မပြီးသေးတဲ့အဆင့်မှာပဲ ရှိသေးတယ်”
အမှုတွေမစစ်ဆေးဖြစ်တဲ့ အချိန်တစ်လခွဲကာလအတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ် မရတာကြောင့် ကျန်းမာရေးအခြေအနေ အပါအဝင် သူ့နဲ့သက်ဆိုင်တဲ့ အကြောင်းကိစ္စတွေကို မသိရဘူးလို့ ရှေ့နေတွေက ပြောပါတယ်။
"ကျနော်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မတွေ့ရတာ ၁၃ ရက်နေ့ကတည်းက။ အဲတော့ ခြောက်ပတ်ကျော်သွားပြီဗျ"
ရုံးပိတ်ရက်ရှည်တွေကြောင့် တရားရုံးတွေမှာ အမှုတွေမစစ်ဖြစ်ဘဲ ကြန့်ကြာနေတဲ့အတွက် ဖမ်းဆီးခံနေရသူ တွေအတွက် နာမှုတွေရှိတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က RFA ကို ပြောပါတယ်။
“အမှုတွေက မစစ်ဖြစ်ဘဲနဲ့ တိုးမြှင့်လိုက်တဲ့ကာလ ဥပမာအားဖြင့် တစ်ပတ်ဆိုလည်း တစ်ပတ်ပေါ့။ တစ်လဆိုလည်း တစ်လ သူ့အနေနဲ့ ထောင်ထဲမှာ အကြောင်းမဲ့သက်သက်ကြီး အချုပ်ခံထားရတာ၊ အပြစ်မရှိဘဲ အချုပ်ခံထားရတာလို ဖြစ်တာပေါ့။ သာမန်အားဖြင့်တော့ ရုံးတွေသည် ပုံမှန်အတိုင်း စစ်ဆေးနေရင် လွတ်မြောက်မယ့်လူတွေလည်း မြန်မြန်လွတ်မြောက်နိုင်မယ်။ ပြစ်ဒဏ်စီရင်ခံရမယ် ဆိုရင်လည်း အဲဒီလူက ပြစ်ဒဏ်မြန်မြန်စီရင်ပြီးရင် သူ့ရဲ့ အကျဉ်းသား အခွင့်အရေးဖြစ်တဲ့ လျှော့ရက် တွေခံစားရမယ်။ အခု ဒီလိုမျိုး ရုံးပိတ်ရက်တွေ ရှည်လာတဲ့အခါကျတော့ အချုပ်တရားခံတွေအနေနဲ့တော့ အများကြီးနစ်နာမှုရှိပါတယ်”
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ လူငါးထောင်ကျော်လောက်ကို ရုံးမထုတ်ဘဲ ချုပ်ထားတာတွေက ကြီးမားတဲ့ နစ်နာမှုပဲလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
သီတင်းခြောက်ပတ်လောက်အထိ ရှေ့နေတွေနဲ့ အလှမ်းဝေးနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို လူချင်းတွေ့ခွင့်ရရေး စီစဉ်နေတာနဲ့ပတ်သက်လို့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန် ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းပြီးကတည်းက ပြင်ပလူတွေနဲ့ ထိတွေ့ဆက်ဆံခွင့် မရဘဲ အာဏာသိမ်းပြီး ၂ ပတ်အကြာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရောက်မှ အွန်လိုင်းစနစ်နဲ့ စတင်ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။
မေလ ၂၄ ရက်နေ့မှာတော့ နေပြည်တော်ကောင်စီဝန်းထဲက အဆောက်အအုံတစ်ခုကို သီးသန့်တရားရုံးအဖြစ် ပြောင်းလဲပြီး လူကိုယ်တိုင် ရုံးထုတ်ခဲ့ပါတယ်။ ရုံးချိန်း တစ်ပတ်ကို တနင်္လာနဲ့ အင်္ဂါ နှစ်ရက်အချိန်ယူပြီး ရုံးထုတ်စစ်ဆေးနေခဲ့တာပါ။

လူကိုယ်တိုင်စတင်ရုံးထုတ်ပြီး နောက်တစ်ပတ်အကြာမှာတော့ သူအပါအဝင် သူနဲ့ တစ်အိမ်တည်း နေထိုင်သူ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် မူလနေထိုင်ခဲ့တဲ ခြံအမှတ် ၃၃ (A) ကနေ စစ်ကောင်စီက နေရာရွှေ့ ပြောင်းခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် ၃၃ (A) ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သူပါအဝင် သူနဲ့ နေအိမ်အတူရှိနေတဲ့ သူတွေ အားလုံးကို ဖမ်းဆီးခဲ့တာပါ။
အဲဒီလိုဝင်ရောက်စီးနင်းခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေး အရာရှိဆောင်တို့မှာ စကားပြောစက်တွေနဲ့ Jumper တစ်စုံတို့ကို တွေ့တာကြောင့် ပို့ကုန်သွင်းကုန် ပုဒ်မ (၈)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇) တို့နဲ့ စပြီး အမှုဖွင့်ခဲ့ပါတယ်။
အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူလို့ရနိုင်သမျှအမှုတွေကို စစ်ကောင်စီက ရှာဖွေခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ပုဒ်မတွေ အပါအဝင် စုစုပေါင်းအမှု ကိုးခုနဲ့ တရားစွဲဆိုထား ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခဲ့တာ ကြောင့် အခုဆိုရင် သူအဖမ်းခံထားရတာ ရက်ပေါင်း နှစ်ရာကျော်သွားပါပြီ။