အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်


2013.06.18
dassk-parliment-305.JPG ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှာ တွေ့ရစဉ်
photo: Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံး ပြုပြင်မယ်ဆိုရင် ရှေ့နောက်မညီတဲ့ ပုဒ်မတစ်ခုချင်းစီကို စပြီးြပုပြင်ရမယ်လို့ ညီညွှတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ် အဖွဲ့(UNA)တို့နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက် ပါတယ်။

UNA အဖွဲ့က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ အလွတ်သဘောတွေ့ဆုံခဲ့တာဖြစ်ပြီး လက်ရှိကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း မွန်ဒီမိုကရေစီ ပါတီဥက္ကဌ ဦးနိုင်ငွေသိမ်းက RFA ကို ပြောပါတယ်။

“အဓိကကတော့ သူလွှတ်တော်ထဲကနေပြီးတော့ လွှတ်တော်စနစ်နဲ့ ၂ဝဝ၈ ဥပဒေပြောင်းလဲရေးကို ကြိုးစားလုပ်မယ်လို့ပြောတယ်၊ ၂ဝဝ၈ ဥပဒေက ရှေ့နောက်မညီဘူးပေါ့၊ တချို့ပုဒ်မတွေက တချို့ကိုပြန်ပြီး ဆန့်ကျင်နေတယ်ပေါ့၊ အဲဒါကိုပြင်ရမယ်ပေါ့၊ နောက်တစ်ချက်က ၂ဝဝဂ ကိုပြန်ပြင်ဖို့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းမယ်လို့ပြောတယ်”

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမကျင်းပမီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြုမဲစနစ်ကို ကျင့်သုံးဖို့ မဖြစ်နိုင်ကြောင်း အပြန်အလှန်ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ UNA အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီကနေ့တွေ့ဆုံတာဟာ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ သူနေအိမ်အကျယ်ချုပ်က ပြန်လွတ်မြောက်လာပြီး ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ UNA အဖွဲ့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးကွန်ဂရက်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီတွေက အဖွဲ့ဝင်ပါတီတွေ ပါဝင်ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာဝင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။