အမုန်းပွားစေတဲ့အမြင်တွေကြောင့် ရခိုင်အသိုင်းဝိုင်းနှစ်ခု ပိုကွဲပြားခဲ့


2018.06.21
dassk-christine-schraner-burgener-622.jpg ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂင်နာနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝ၁၈ ဇွန်လ ၂ဝ ရက်နေ့က တွေ့ဆုံစဉ်။
Photo: Myanmar State Counsellor Office

ပြည်ပက အမုန်းပွားစေတဲ့ သဘောထားအမြင်တွေကြောင့် ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခုအကြား ပိုမိုကွဲပြားစေကြောင်း၊ ဒီအသိုင်းအဝိုင်းနှစ်ခုအကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရေးအတွက် သည်းခံမှုနဲ့ အချိန်ယူကြိုးပမ်းရမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂင်နာ (Ms.Christine Schraner Burgener) နဲ့ ဒုတိယအကြိမ်တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာလို့ ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လူမှုရေးကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို အသိုင်းအဝိုင်းနှစ်ခုအကြား ပြန်သင့်မြတ်ရေးလုပ်ဆောင်ရာမှာ ကုလသမဂ္ဂရဲ့အကူအညီလည်း လိုအပ်ကြောင်း ၊ ဒီမသင့်မြတ်မှုဟာ ရှေးအရင်ကတည်းကရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်နောက်ပိုင်းမှာ ပိုဆိုးဝါးလာကြောင်း၊ ၂ဝ၁၆ ခုနှစ်နဲ့ ၂ဝ၁၇ ခုနှစ်မှာ ARSA အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် အလွန်ဆိုးဝါးတဲ့အခြေအနေ ရောက် ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာလို့မရတာဟာ လုံခြုံရေးအခြေအနေကြောင့်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဖို့လည်း ကြိုးစားနေကြောင်း ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဆောင်ရွက်ချက်တွေနဲ့ ရခိုင်ပြည်နယ်ကိစ္စ သိမ်မွေ့နက်နဲ ရှုပ်ထွေးမှုတွေကို အသိအမှတ်ပြုကြောင်း၊ ထွက်ပြေးသွားသူတွေပြန်လာရေးအတွက် သင့်လျော်ကောင်းမွန်တဲ့အခြေအနေ ဖန်တီးပေးဖို့၊ လွတ်လပ်စွာသွားလာနိုင်ဖို့နဲ့ လုံခြုံရေးလိုအပ်ချက်၊ ကုလသမဂ္ဂနဲ့သဘောတူစာချွန်လွှာ အလျင်အမြန် အကောင်ထည်ဖော်ရေးတို့ကို ပြောကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။