ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ရောက်ရှိ
2015.06.10

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ် အဖြစ် ဘေဂျင်းမြို့ကို မနေ့က ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၅ ရက်ကြာ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းဖျင်၊ ဝန်ကြီးချုပ် လီကွတ်ခိုင် တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အစီအစဉ်အသေးစိတ်ကိုတော့ တရုတ်အာဏာပိုင်တွေက မထုတ်ပြန်ပါဘူး။ တရုတ်ပြည်ဆိုင်ရာ မြန်မာသံရုံး အရာရှိတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ဧည့်ရိပ်သာမှာ တည်းခိုဖွယ်ရှိပြီး၊ သမ္မတ ရှီကျင့်ဖျင်နဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံဖွယ်ရှိတယ်လို့ ပြောဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီခရီးစဉ်အတွင်း တရုတ်အစိုးရက ထောင်ဒဏ် ၁၁ နှစ်ချထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် စာရေးဆရာ လျူရှောက်ပိုကို ပြန်လွှတ်ပေးဖို့ တောင်းဆိုသင့်တယ်လို့ တိုက်တွန်းပြောဆိုနေကြပါတယ်။
အင်တာနက် လူမှုကွန်ရက်တွေမှာလည်း တရုတ်ပြည်ရဲ့ အောင်ဆန်းစုကြည်ကတော့ အကျဉ်းကျနေဆဲပဲဆိုတဲ့ စာသားတွေပျံ့နှံ့နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လဲ့ က တရုတ်ပြည်ရဲ့ တရားရေး အဖွဲ့အစည်းတွေက တရားဥပဒေနဲ့အညီ ဆောင်ရွက်ထားတဲ့ စီရင်ချက်ကို ပြောင်းလဲစရာအကြောင်းမရှိကြောင်း ပုံမှန်နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငါးရက်ကြာ တရုတ်ပြည်ခရီးစဉ်မှာ ဒေါက်တာတင်မာအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ ဦးဖြိုးမင်းသိန်းတို့လည်း အတူလိုက်ပါသွားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပေါ် သုံးသပ်ချက်အမြင်တွေကို RFA အဖွဲ့သူ မသင်းသီရီ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
တရုတ်-မြန်မာဆက်ဆံရေးမှာ တရုတ်ကဘယ်လို အကျိုးစီးပွားရှိပြီး၊ မြန်မာကဘယ်လို ဆက်ဆံသင့်လဲ ဆိုတာနဲ့ပတ်သက်လို့ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။