ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ခုခံချေပခဲ့တဲ့အမှု ထုတ်ပြောခွင့် ပိတ်ပင်ပြီး ဆက်လက်စစ်ဆေး

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က အထူးတရားရုံးတစ်ခုမှာ စွဲဆိုခံထားရတဲ့ အများပြည်သူအကျိူးကို ပျက်စီးစေမှု ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ)အမှုအတွက် မနေ့က ရုံးချိန်းမှာ သူကိုယ်တိုင် ပထမဆုံးခုခံချေပခဲ့ပြီး သူ့မှာအပြစ်မရှိတဲ့အကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီအမှုမှာ ပူးတွဲစွဲဆိုခံထားရတဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ ဒေါက်တာ မျိုးအောင် တို့ဟာ သူတို့ကိုယ်တိုင် ခုခံချေပမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့က တရားရုံးမှုခင်း စီမံခန့်ခွဲမှု (CMP) အစည်းအဝေးမှာ ဆုံးဖြတ်ထားတဲ့အကြောင်း အကျိုးဆောင်ရှေ့နေတွေက သတင်းမီဒီယာတွေကို ပြောဆိုထားကြတာပါ။
အဲဒီဆုံးဖြတ်ချက်အတိုင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကိုယ်တိုင် ခုခံ ချေပခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကတော့ မနေ့က ကိုယ်တိုင်ခုခံ ချေပခဲ့တာပါ။ အလားတူ ဒေါက်တာ မျိုးအောင်ကလည်း လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ ကိုယ်တိုင်ခုခံ ချေပမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အမှုကို ခုခံချေပမယ့် ရုံးချိန်းမတိုင်ခင်ကတည်းက အကျိုးဆောင် ရှေ့နေ ငါးဦးစလုံးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၁၄၄ နဲ့ စစ်ကောင်စီက ပြောဆိုခွင့် ပိတ်ပင်လိုက်တဲ့ အတွက် မနေ့က ထွက်ဆိုချက်နဲ့ပတ်သက်လို့ အသေးစိတ်ကို အများပြည်သူ သိခွင့်မရကြတော့ပါဘူး။
စစ်ကောင်စီက အမှုနဲ့ပတ်သက်ပြီး အများပြည်သူကို ထုတ်မပြောရအောင် ပိတ်ပင်ပြီး အမှုကို စစ်ဆေး နေတာဟာ ဥပဒေနဲ့ မညီဘူးလို့ ရန်ကုန်မြို့ မှာနေထိုင်တဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က RFA ကို ပြောပါတယ်။
"တားမြစ်မိန့်ထုတ်ခြင်းသည် အလွန်တရာ ရုပ်ဆိုးပါတယ်။ စိတ်ပျက်စရာလည်း အလွန်ကောင်းပါတယ်။ ဖြစ်သင့်တာက တားမြစ်မိန့်မထုတ်ဘဲနဲ့ ရှေ့နေတစ်ယောက်က ဖြစ်ဖြစ် ဘယ်ပုဂ္ဂိုလ်ကဖြစ်ဖြစ် ကြားနာ စီရင်နေတဲ့ အမှုနဲ့ပတ်သက်ပြီးတော့ အမှုရဲ့ အရည်အသွေးထိခိုက်အောင် ပြောဆိုဝေဖန်မယ်၊ တရားရုံးနဲ့ တရားစီရင်ရေးကို နိုင်ငံသားတွေက အရိုသေ ကင်းမဲ့အောင် ဂုဏ်သိက္ခာ ထိပါးအောင်ပြောမယ်၊ ပြီးရင် အဲဒီအမှုအခင်းထဲမှာပါတဲ့ တရားလို၊ တရားခံ၊ သက်သေတွေကို ဂုဏ်သိက္ခာ ထိခိုက်အောင်ပြောမယ်ဆိုရင် တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေနဲ့ အရေးယူလို့ရပါတယ်။ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ ၁၄၄ ထုတ်ပြီးတော့ နိုင်ငံသားတွေရဲ့ သတင်းသိပိုင်ခွင့်ကို ထုတ်ပယ်လိုက်ခြင်းသည် တကယ်တမ်းပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ ကျွန်တော်တို့ကတော့ မြင်ပါတယ် ခင်ဗျ"
တရားရုံးတွေဟာ အမှုကို စစ်ဆေးကြားနာတဲ့နေ့တိုင်းမှာ လွတ်လပ်မှု၊ မျှတမှု၊ ဥပဒေနဲ့ညီတယ်ဆိုတာ အများ မြင်အောင် ပြသဖို့ ၁၉၆၆ ခုနှစ်ကစလို့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ထုတ်ဝေတဲ့ စီရင်ထုံး စာအုပ်တွေရဲ့ ပထမဆုံး စာမျက်နှာမှာလည်း ဖော်ပြထားတယ်လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိူးဆောင်ရှေ့နေတွေကို ပြောဆိုခွင့် ပိတ်ပင်ထားတဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ - ၁၄၄ ကို မူလက ခရိုင်တရားသူကြီး ဒါမှမဟုတ် တာဝန်ပေးထားသူက ထုတ်ပြန်နိုင်တယ်လို့ ပြဌာန်းခဲ့ပေမယ့် ၁၉၈၈ ခုနှစ် စစ်အစိုးရလက်ထက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန် နိုင်ကြောင်း ပြင်ဆင်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာတော့ အဲဒီပုဒ်မ - ၁၄၄ ကို တရားသူကြီးကသာ ထုတ်ပြန်နိုင်ကြောင်း ပြန်လည် ပြင်ဆင်ထားပေမယ့် လက်ရှိမှာ ထွေအုပ်က အဲဒီအမိန့်ကို ထုတ်ပြန်လာတဲ့အတွက် ဥပဒေနဲ့ မညီညွတ်ဘူး ဆိုတာ ပေါ်လွင်နေတယ်လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
စစ်ကောင်စီက စွဲဆိုထားတဲ့ အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ)အမှုအတွက် သမ္မတ ဦးဝင်းမြင့်က အောက်တိုဘာလ ၁၂ ရက်နေ့က တရားရုံးမှာ ကိုယ်တိုင်ခုခံချေပရာမှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့က သူ့ကို သမ္မတ ရာထူးကနေ ဖိအားပေး အနားယူခိုင်းခဲ့အကြောင်း ထွက်ဆိုခဲ့ပါတယ်။
အဲဒီထွက်ဆိုချက်ကို အကျိုးဆောင်ရှေ့နေတွေကနေတဆင့် သတင်းမီဒီယာတွေကို ပြောဆိုခဲ့တဲ့နောက်ပိုင်းမှာ ဦးခင်မောင်ဇော်၊ ဦးသဲမောင်မောင်၊ ဒေါ်မင်းမင်းစိုး၊ ဦးကြည်ဝင်း စတဲ့ ရှေ့နေ လေးဦးကို စစ်ကောင်စီက အပြင်မှာ အမှုအကြောင်းပြောဆိုခွင့် ပိတ်ပင်ခဲ့တာပါ။

နောက်ထပ် အကျိုးဆောင် ရှေ့နေ တစ်ဦးဖြစ်တဲ့ ဒေါ်စန်းမာလာညွန့်ကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ရန်ကုန်မြို့က သူနေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ခေါ်ယူပြီး သတင်းမီဒီယာတွေ၊ ပြည်ပ အဖွဲ့အစည်းတွေကို အင်တာဗျုး မဖြေဖို့နဲ့ မဆက်သွယ်ဖို့ ဝန်ခံကတိ လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေမှာ အကျိုးဆောင်ရှေ့နေတွေအားလုံးကို ပြောရေးဆိုခွင့် တားမြစ်ထားတာ ဟာ စစ်တပ်က တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်နေတာပဲလို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
"၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၁၀(က) ၁၉(က)(ခ) တွေမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ ကို ခွဲခြားကျင့်သုံးရမယ်လို့ အတိအကျ ရေးထားတယ်။ အုပ်ချုပ်ရေးမှူးက ဝင်ပြီးတော့ တရားသူကြီးက Open Count မိုလို့ ရှေ့နေတွေက ပြန်ပြောခွင့်ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မေးလို့ ဖြေထားတဲ့ အဖြေကို တရားစီရင်ရေးက တရားသူကြီးကိုယ်တိုင် အမိန့်ချထားတာကို အုပ်ချုပ်ရေးမှူးတွေက သူ့ရဲ့ အာဏာကို ကျော်ပြီးတော့ ဝင်ရောက် စွက်ဖက်ရာ ရောက်တာပေါ့"
မြန်မာနိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တွေ သိမ်းခဲ့တဲ့အချိန်ကတည်းက အခု စစ်တပ်အာဏာသိမ်းခဲ့တဲ့ အချိန်အထိ ရှေ့နေ တစ်ယောက်ရဲ့ ပါးစပ်ကို ပိတ်ခဲ့တဲ့ ဥပဒေ၊ စီရင်ထုံး နမူနာဆိုတာ မရှိခဲ့လို့ အခုလို ပိတ်ပင်တဲ့ကိစ္စဟာ ဥပဒေကို စစ်တပ်က ကျော်လွန်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီ၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ရှေ့နေတွေရဲ့ ပြောဆိုချက်တွေဟာ နိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူ မဖြစ်စေလို့ အခုလို ပိတ်ပင် ရတာလို့ ပြောပါတယ်။
"တချို့ ကိစ္စတွေက တရားခွင်မှာ ပြောခဲ့တာတွေထက် ချဲ့ကားပြီးတော့မှ ပြောခဲ့တဲ့ ပုံစံမျိုးတွေ ရှိတယ်။ တချို့ ကိစ္စတွေက တရားခွင်မှာ မပြောခဲ့တဲ့ဟာတွေကို ပြောခဲ့သယောင်မျိုး ပြောနေတာမျိုး ဖြစ်တယ်။ တရားစီရင်ရေးအပိုင်းကတော့ တရားရုံးတွေမှာ ယခင်ကပင် ရှိပြီး ဖြစ်ပါတယ်။ တရားရုံးနဲ့ ပတ်သက် ပြီးတော့ သတင်းထုတ်ပြန်ရေး အဖွဲ့တွေ ရှိပြီးဖြစ်တယ်။ ခရိုင်အဆင့်မှာတောင် ရှိပြီးဖြစ်တယ်။ သူတို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်တာကိုပဲ ဆောင်ရွက်ရတယ်ဆိုတာကို ရှိပြီး ဖြစ်ပါတယ်"
ဒါပေမဲ့ စစ်ကောင်စီဘက်က အကြောင်းပြချက်ကို ရှေ့နေတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက လက်မခံ ကြပါဘူး။
"သူတို့ရဲ့ရည်ရွယ်ချက်ကိုက နိုင်ငံရေးအရပြောရရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်မှုကို ဖြိုချဖို့ သူတို့က ဆုံးဖြတ်ထားတာ"
စစ်ကောင်စီရဲ့ ဒီဆောင်ရွက်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကို ထောင်သွင်း အကျဉ်းချဖို့ နိုင်ငံရေးအရ ရည်ရွယ်ဆောင်ရွက်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"သူတို့ရဲ့ရည်ရွယ်ချက်ကိုက နိုင်ငံရေးအရပြောရရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်မှုကို ဖြိုချဖို့ သူတို့က ဆုံးဖြတ်ထားတာ။ အဲဒီဆုံးဖြတ်ချက်အရ လုပ်တာပေါ့။ ဥပဒေကြောင်း အရ မဟုတ်ပါဘူး။ ဥပဒေအရ အဲဒီလိုလုပ်ခွင့် မရှိပေမယ့် လုပ်တယ်ပေါ့ကွာ။ ဒါက အတော်ကို ဒီမိုကရေစီ နည်းမကျတဲ့ ဥပဒေကြောင်းနဲ့ မကိုက်ညီတဲ့ ကိစ္စပဲ။ ဒီကိစ္စတစ်ခုလုံးက သူတို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက် အတွက် လုပ်ဖို့ ကြိုးစားတာပဲ"
စစ်အာဏာရှင်စနစ် မပျောက်မချင်း ဥပဒေကြောင်းအရမဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်အရ လုပ်ဆောင်တဲ့ မတရားမှုတွေဟာ ဆက်ရှိနေလိမ့်ဦးမယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟကလည်း ဒါဟာ ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်ထားတာလို့ ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် ဆီက စကားကို ဒီဘက်ကို မရောက်စေချင်ဘူး။ ထိုနည်းလည်းကောင်းပဲ သမ္မတကြီး ပြောလိုက်တဲ့ စကား ဒီဘက်ကို ရောက်သွားတာလည်း သူတို့အတွက် အင်မတန် နစ်နာတယ်။ အမှန်တရားအတွက် ဒီလူတွေက ရဲရဲဝံ့ဝံ့ အစစ်ခံပြီး ပြောရဲ့သားနဲ့ ပြောတဲ့အတိုင်းလေး ရှေ့နေတွေက ပြန်ပြောမှာကို သူတို့အဖြစ်မခံနိုင်ဘူး။ တိုင်းပြည်တစ်ခုလုံး မငြိမ်မသက်ဖြစ်သွားမှာ အင်မတန် ကြောက်နေတာ။ အမှန်ကတော့ ဖြစ်နေပြီးသား။ သူတို့က ဒီတိုင်းလေးနဲ့ ရမယ်ထင်နေတာ"
စစ်တပ်ဟာ ဒီမိုကရေစီအခွင့်အရေးတွေကို ဂရုမစိုက်တော့ဘဲ လုပ်ချင်တာ လုပ်နေတာကြောင့် အခုလို ကာလကြာရှည်သွားမယ်ဆိုရင် နိုင်ငံဟာ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်သွားလိမ့်မယ်လို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူအပတ်စဉ် ရင်ဆိုင်နေရတဲ့ အမှုတွေနဲ့ပတ်သက်လို့ သူ့ရဲ့ကျန်းမာရေးအရ နှစ်ပတ် တစ်ကြိမ် ရုံးချိန်းပေးဖို့ တရားရုံးကို တင်ပြခဲ့ပေမယ့် တရားရုံးကလက်မခံခဲ့ဘဲ အပတ်စဉ်တိုင်း အမှုတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။