ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ကန့်ကွက်ချက် ထပ်မံပယ်ချခံရ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်က အထူးတရားရုံးမှာ မတ်လ ၁ ရက် ဒီနေ့ ရုံးချိန်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အရာရှိရဲ့ စွပ်စွဲချက်တွေကို ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက ပယ်ချခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အရင်တစ်ပတ် ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အရာရှိ ဦးအောင်ခန့်က တရားရုံးမှာ စွပ်စွဲချက် စာရွက်စာတမ်းတချို့ တင်ပြမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ကန့်ကွက်ခဲ့ပါတယ်။ အဲဒီကန့်ကွက်မှုကို ကြားနာဖို့ တရားရုံးက ဒီနေ့ကို ချိန်းဆိုခဲ့တာပါ။
ဒီနေ့ရုံးချိန်းမှာ တရားရုံးက တရားလိုရဲ့ စာရွက်စာတမ်းတင်ပြမှုကို လက်ခံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျိုးဆောင်ရှေ့နေတွေရဲ့ တင်ပြချက် ပယ်ချခံရတာ ဖြစ်ပါတယ်။
ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ် ပယ်ချခံရတာဖြစ်ပြီး အရင် ရုံးချိန်းရက်တွေကလည်း တရားလိုရဲ့ သက်သေခံတချို့ကို ရှေ့နေတွေက ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက လက်ခံခဲ့ပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေကို သတင်းမီဒီယာတွေဆီ ပြောဆိုခွင့် ပိတ်ပင်ထားလို့ တရားလိုဘက်ကတင်ပြတဲ့ စာရွက်စာတမ်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးပါဘူး။
အခုတရားလိုကို စစ်ဆေးနေတဲ့ အမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ နဲ့ အရေးယူထားတဲ့ အမှု ငါးမှု ဖြစ်ပါတယ်။
အမှုငါးမှုထဲက နှစ်မှုကတော့ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ကနေ ရဟတ်ယာဉ်အသစ် တစ်စင်း ဝယ်ယူတဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့အမှုတွေ ဖြစ်ပါတယ်။
ကျန်သုံးမှုကတော့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာနဲ့ သက်ဆိုင်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ် အဲဒီထဲက အမှုငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။