ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အခြေအနေနီးစပ် - (ဦးတင်ဦး)
2015.12.24

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်မယ့် အခြေအနေ နီးစပ်နေပြီလို့ NLD သဘာပတိအဖွဲ့ ဥက္ကဌ သူရဦးတင်ဦးက RFA ကို မနေ့က ပြောလိုက်ပါတယ်။
NLD ဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရထားတဲ့အတွက် လွှတ်တော်ထဲမှာနေရာအများစု ရှိနေမယ့် အပြင်၊ တိုင်းရင်းသားမဟာမိတ် ကိုယ်စားလှယ်တွေနဲ့စုစည်းလိုက်ရင် ၂ဝဝ၈ ဖွဲ့စည်းပုံအရ အခြေခံဥပဒေကိုပြင် ရင်လည်း အချိန်သာကြာမှာဖြစ်ပြီး၊ ပြင်သင့်တာပြင်နိုင်မယ့် အခြေအနေရှိနေမှာ ဖြစ်တဲ့အတွက် ဘယ်နည်းနဲ့ မဆို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် နည်းနေတာဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
"၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သွားရင်လည်း ကြာနေတာပေါ့၊ ဘာဖြစ်လို့လည်ဆိုတော့ ၂ဝဝ၈ အစီအစဉ် အတိုင်းဆိုလို့ရှိရင် အထဲကအချက်အလက်တွေကိုပြင်မယ်ဆိုရင် ၂ဝ ရာခိုင်နှုန်းက လွှတ်တော်မှာနေရမယ်၊ အခုလည်းပဲ ၂ဝ ရာခိုင်နှုန်းတော့လည်းပဲ ရနေပြီပဲ၊ ပြင်မယ်ဆိုတော့လည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ရမှာပေါ့ဗျာ၊ ၇၅ ရာခိုင်နှုန်း၊ အခုလည်းပဲ အဖွဲ့ချုပ်က အင်အားကလည်း ရထားတဲ့အပြင် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်တို့ စသည်အားဖြင့် အဲ့ဒီအင်အားလည်း တိုးပြီးရထားတော့ ၇၅ ရာခိုင်နှုန်းလည်း ကျော်နိုင်တာပေါ့လို့၊ နောက်ပြီးတော့ လည်း ပြည်သူ့ဆန္ဒခံယူမယ်ဆိုလည်း ဖြစ်နေပြီပဲဗျာ၊ အဲ့ဒီတော့ တစ်ခါတည်း ဘာမှပြောမနေပဲနဲ့ပေါ့ဗျာ၊ ကျနော်တို့ သဘောထားကြီးကြီးနဲ့ပဲ ၅၉(စ)ကိုပေါ့ ဒါကိုခေတ္တရပ်ဆိုင်းထားပြီးတော့ လုပ်မယ်ဆိုခဲ့လို့ရှိရင်လည်းပဲ ဒါဖြစ်နိုင်တာပဲလို့၊ အဲ့ဒါဆိုလို့ရှိရင် ဘယ်နည်းနဲ့ပဲလုပ်လုပ် ဒေါ်အောင်းဆန်းစုကြည်ဟာ သမ္မတဖြစ်ဖို့ဆိုတာကတော့ ဖြစ်နိုင်တဲ့အခြေအနေ ရှိနေပြီပဲ"
ရွေးကောက်ခံထားရတဲ့ကိုယ်စားလှယ်မှ သမ္မတဖြစ်ခွင့်ရှိတယ်လို့ ၁၉၄၇ အခြေခံဥပဒေမှာ ပြဌါန်းခဲ့ပေမယ့် ၁၉၆ဝ ခုနှစ်မှာ တိုင်းပြည်အခြေအနေအရ လိုအပ်လာတော့၊ လွှတ်တော်ကဆုံးဖြတ်ပြီး အဲ့ဒီဥပဒေကို ဆိုင်းငံ့ခဲ့တဲ့သာဓက လည်း မြန်မာ့သမိုင်းမှာရှိခဲ့တယ်လို့ ဦးတင်ဦးက ထောက်ပြပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကိုပိတ်ပင်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံတာဟာ တိုင်းပြည်အတွက် လုပ်သင့်တာလုပ်ဖို့ အချိန်တိုစေတဲ့အပြင်၊ ဖြစ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ် ပါတယ်လို့ ဦးတင်ဦးက ပြောပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူရဦးတင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက် ပထမပိုင်းကို နားဆင်နိုင်ပါပြီ။