ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ကျင်းပ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်မှာ ဒီနေ့ နေ့လည် ၁ နာရီမှာ စတင် ကျင်းပခဲ့ပါတယ်။

0:00 / 0:00

ဒီအခမ်းအနားကို ရန်ကုန် အခြေစိုက် အမေရိကန်နဲ့ ဗြိတိန် သံအမတ်နဲ့ သံရုံးအရာရှိတွေ တက်ရောက်ခဲ့ကြသလို ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ NLD ပါတီ ခေါင်းဆောင်တွေ၊ CRPP အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ပြည်နယ်နဲ့ တိုင်း အသီးသီးက ပါတီဝင်တွေနဲ့ ဧည့်ပရိသတ် စုစုပေါင်း ၁ ထောင်လောက် တက်ရောက်ခဲ့ကြပါတယ်။

ထောင်ဒဏ် ၆၅ နှစ်ခွဲ ကျခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကလည်း "ပြန်လာပြီ ပန်ထွာဧကရီ" ဆိုတဲ့ သီချင်းတပုဒ် ရေးပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဂုဏ်ပြုလက်ဆောင်အဖြစ် ထောင်ထဲကနေ ပေးပို့ခဲ့တယ်။

ဒါ့အပြင် မွေးနေ့အတွက် မြို့နယ်အသီးသီးက ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ် တေးဂီတပြိုင်ပွဲမှာ စမ်းချောင်းမြို့နယ်က ယှဉ်ပြိုင်တဲ့ "အမောဖြေပါ အမေ" ဆိုတဲ့ သီချင်းက ပထမဆု ရရှိသွားပါတယ်။

အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ပြည်တွင်းပြည်ပ နေရာတော်တော်များများမှာ ကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်းမှာ မန္တလေး၊ မြစ်ကြီးနား၊ နမ္မတူ၊ မူဆယ်၊ ပလောင် အထူးဒေသ၊ ရွှေတောင်၊ ပြည်၊ ပဲခူး၊ မော်လမြိုင်၊ ဟင်္သာတ၊ ပုသိမ်၊ လှိုင်သာယာ၊ ကော့သောင်း စတဲ့ နေရာအနှံ့မှာ ကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံအနှံ့ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲတွေနဲ့ ပတ်သက်ပြီး ဦးဇော်မိုးကျော်နဲ့ RFA သတင်းထောက်တွေက စုစည်းတင်ပြ ထားပါတယ်။

အသံဖိုင်ယူရန်။