ပဋိပက္ခမျိုးစုံ မြန်မာကျော်နိုင် မယ် မျှော်လင့်ကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောဆို
2014.04.11

မြန်မာနိုင်ငံဟာ ပြည်တွင်း ပဋိပက္ခအမျိုးမျိုး ကို ကျော်လွှားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြော လိုက်ပါတယ်။
မိမိအနေနဲ့ ဘာလင်ဟာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အောင်မြင်မှုသင်္ကေတ တစ်ခုမျှသာ မဟုတ်ပါဘူး၊ နိုင်ငံရေးရာ ညှိနှိုင်းဆွေးနွေးရေး နယ်ပယ်မှာလည်း အောင်မြင်ပြီး၊ စည်းလုံးညီညွတ်မှု ရရှိအောင်လည်း ဆောင်ရွက်နိုင်စွမ်းရှိတဲ့ သင်္ကေတတစ်ရပ်ဖြစ်ပါတယ်လို့ ဂျာမနီခေါင်းဆောင်တွေနဲ့ မတွေ့ဆုံခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဘာလင်လိုပဲ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီကို ယုံကြည်တဲ့ တိုင်းပြည်အားလုံးရဲ့ ထောက်ခံအားပေးမှုနဲ့အတူ စစ်မှန်တဲ့ ဒီမိုကရက်တစ် ပြည်ထောင်စုဖြစ်လာဖို့ မျှော်လင့်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တည်းခိုတဲ့ဟိုတယ်ကို ဂျာမနီရောက် မြန်မာမိသားစုတွေ သွားရောက်ကြိုဆို နှုတ်ခွန်းဆက်ခဲ့ကြတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ ဦးနွယ်အောင်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ဘာလင်က သူ့ရဲ့ဟိုတယ်ကို မနက် ၉ နာရီကျော်ကျော်လောက်ရောက်ပါ တယ်၊ ဘာလင်မှာရှိတဲ့ မြန်မာမိသားစုတွေကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ကို တွေ့ဆုံကြို ဆိုပြီးတော့ ပန်းစည်းတွေပေးမှာပေါ့”
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီသမ္မတ မစ္စတာ ယိုဟာကင်ဂေါ့ ခ် Joachim Gauck နဲ့ တွေ့ဆုံပြီး၊ ဂျာမနီ အဓိပတိ အင်ဂလာမာကဲလ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ကြိုဆိုကြောင်း၊ ဘာလင်တံတိုင်းကြီး ပြိုကျသွားခဲ့တာ ၂၅ နှစ်ပြည့်အခါသမယမှာ မြန်မာနိုင်ငံ ရဲ့ ရှေ့ရေးအနာဂတ် တိုးတက်သာယာရေးအတွက် ဖေးမကူညီလိုကြောင်း မာကဲလ်က ပြောကြားခဲ့ပါတယ်။
ဒီကနေ့ မနက်မှာတော့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဂျာမနီဝန်ကြီးချုပ်ဟောင်း Willy Brandt အထိမ်းအမှတ် International Willy Brandt ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံယူမှာဖြစ်ပါတယ်။
ဒါ့ပြင် ဧပြီ ၁၃ ရက်နေ့ ဘာလင်မြို့ Freie Universität Berlin တက္ကသိုလ်မှာ မိန့်ခွန်း စကားပြောကြားမှာဖြစ်ပြီး၊ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ ဦးနွယ်အောင်က ပြောပါတယ်။
"အဲဒီဥစ္စာက ဧပြီလ ၁၃ ရက်နေ့ မနက် ၁ဝ နာရီလောက်မှာ စမှာဖြစ်ပါတယ်၊ လုပ်မယ့်နေရာကတော့ ဘာလင်မှာနာမည်ကြီးတဲ့ Freie Universität Berlin တက္ကသိုလ်မှာလုပ်မှာပါ”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁၄ ရက်နေ့မှာ ဂျာမနီနိုင်ငံကနေ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ခရီးဆက်မှာဖြစ်ပြီး မြန်မာနိုင်ငံကို ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီခရီးစဉ်နဲ့ ပတ်သက်ပြီး ဂျာမနီရောက် မြန်မာ့အရေးလှုပ်ရှားသူ ဦးနွယ်အောင်ကို ဦးသစ်ဆင်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။