အတိုင်ပင်ခံပုဂ္ဂိုလ် ပူတာအိုရောက်ရှိ
2019.01.08

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ် ပူတာအိုမြို့ကို ရောက်ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မြစ်ကြီးနားမြို့မနောကွင်းမှာ ကျင်းပပြုလုပ်မယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်မယ်လို့ သိရပါတယ်။
NLD အစိုးရ တက်လာပြီးနောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ဂျိန်းဖော၊ လချိတ်၊ လဝေါ်၊ ဇိုင်ဝါး၊ ရဝမ်၊ လီဆူစတဲ့ ကချင်မျိုးနွယ်စု အားလုံးပါဝင်တဲ့ မနောပွဲကို ကျင်းပမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းကလည်း မြစ်ကြီးနားမြို့ကို နေ့ချင်းပြန် သွားရောက် ခဲ့ပြီး ရွှေစက်ရပ်ကွက်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားတွေ နေထိုင်နေကြတဲ့ စာသင်ကျောင်းကို သွားရောက်ခဲ့ပြီး ကလေးငယ်တွေကို ကျောင်းသုံးဗလာစာအုပ်နဲ့ ဂွမ်းစောင်တွေ လှူဒါန်းခဲ့ပါတယ်။
ကချင်ပြည်နယ်နေ့ အခမ်းအနားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပထမဆုံး စတင်ကျင်းပခဲ့ တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။