နိုင်ငံရေးမှာ တပ်မတော် ဝင်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2013.10.01

တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲ မှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူးလို့ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။
နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မ တီရေးရာအဆောင်မှာ ဒီနေ့ နေ့လည်ပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်း စုကြည်က အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။
"တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာဟာ ပြည်သူကိုကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့၊ ကျမဘယ်တုန်းကမှ နိုင်ငံရေးထဲကို ဝင်ပါတဲ့တပ်မတော်ကို အားမပေးခဲ့ဘူး၊ အဲဒါပွင့်ပွင့်လင်းလင်းပြောတာ၊ တပ်မတော်ကို မချစ်လို့မဟုတ်ဘူး၊ ချစ်လို့ တန်ဖို့းထားလို့သာ မလုပ်စေချင်တာ၊ မလုပ်သင့်တဲ့ကိစ္စမို့လို့ မလုပ်စေချင်တာ၊ တကယ်ဆို ပြည်သူလူထုက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရဟာ တပ်မတော်အတွက် အားလုံးတာဝန်ယူရမယ်၊ တပ်မတော်ဆိုတာ ပိုက်ဆံရှာနေစရာ လိုရမယ့်ဟာမဟုတ်ဘူး၊ အရပ်သားအစိုးရက ပြည့်ပြည့်စုံစုံပေးထားရမှာ၊ အဲဒါမှ တပ်မတော်က အဆင့်မြင့်မြင့်နဲ့ အိန္ဒြေရရနေနိုင်မှာ"
တပ်မတော်ကိုလည်း တကယ့်ကိုအရည်အချင်းပြည့်ဝပြီး ကမ္ဘာ့စံချိန်မှီတဲ့၊ ပြည်သူတွေက ထောက်ခံအားပေးတဲ့ ၊ ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်စေချင်တယ်လို့လည်း ပြောခဲ့ပါတယ်။
တပ်မတော်နဲ့ ပတ်သက်တာအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၊ တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်စီးပွားရေး စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ သတင်းထောက်တွေနဲ့ တွေ့ဆုံပြောကြားခဲ့တာတွေကို RFA သတင်းထောက် ကိုနေမျိုးထွန်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။