ဒေါ်အောင်ဆန်းစုကြည်အိမ်မှာစကားပြောစက်မတွေ့ကြောင်း တင်တဲ့သက်သေကို စစ်ကောင်စီတရားရုံးပယ်ချ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို နေပြည်တော်က အထူးတရားရုံးမှာ စက်တင်ဘာ ၂၇ ရက် မနေ့က လူကိုယ်တိုင် ရုံးထုတ်ခဲ့ပါတယ်။
မနေ့က ရုံးချိန်းမှာတော့ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သူ့ရဲ့ သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိဆောင်တို့ဆီမှာ ကြိုးမဲ့စကားပြောစက်တွေနဲ့ Jammer လို့ခေါ်တဲ့ မိုဘိုင်းဖုန်း လိုင်းဖြတ်တောက်စက်တစ်စုံကို တွေ့ တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုနဲ့ ပတ်သက်လို့ အမှုစစ်ရဲရာရှိကို စစ်ဆေးခဲ့ပါတယ်။
အဲဒီရဲအရာရှိကို အပြန်အလှန်စစ်မေးရာမှာ ဇမ္ဗူသီရိမြို့နယ်တရားရုံးက ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ရက်စွဲနဲ့ထုတ်ပေးလိုက်တဲ့ ရှာဖွေဝရမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမှုစစ် ရဲအရာရှိကိုယ်တိုင် နောက်တစ်ခေါက် ထပ်ရှာဖွေရာမှာတော့ အမှုနဲ့ ပတ်သက်တဲ့ သက်သေခံ စာရွက်စာတမ်းတွေကို မတွေ့ခဲ့ကြောင်း ရုံးတော်မှာ ထွက်ဆိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။
“စကားပြောစက် ဆယ်လုံးနဲ့ ဂျမ်မာတို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကမဟုတ်ဘူး။ လုံခြုံရေးအဖွဲ့ဝင်တွေဆီက သိမ်းတာ။ လုံခြုံရေးအဖွဲ့ဝင်တွေဆီက သိမ်းတဲ့အပြင်ကို ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီး စာရွက်စာတမ်းလိုချင်လို့ဆိုပြီး သူက ထပ်ပြီးတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဝရမ်းနဲ့ သွားရှာတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ တွေ့တဲ့ပစ္စည်းတွေ မဟုတ်သလို ဒေါ်အောင်ဆန်းစု ကြည်ရဲ့အိမ်မှာလည်း ဘာပစ္စည်းမှ ခုနကသက်သေခံပစ္စည်းတွေနဲ့ စကားပြောစက်တွေနဲ့ သက်သေခံ စာရွက်စာတမ်း ဘာမှကိုမတွေ့တာ”
ဒါကြောင့် ရှာဖွေဖို့ ထုတ်ပေးတဲ့ တရားရုံးရဲ့ဝရမ်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့နေတွေက သက်သေ အဖြစ်တင်ခဲ့တာပါ။ အဲဒီသက်သေတင်တာကို စစ်ကောင်စီရဲ့ တရားလိုဘက်က အမှုလိုက်ဥပဒေ အရာရှိက ကန့်ကွက်ခဲ့သလို တရားရုံးကလည်းလက်မခံတာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
“အဲဒီရှာဖွေဝရမ်းမှာက ဘာတွေရှာဖွေဖို့လည်းဆိုရင် ဆက်သွယ်ရေးပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို တရားမဝင်ထားရှိခြင်းကို ကျူးလွန်ကြောင်း သင်္ကာမကင်းဆိုပြီးတော့မှ တိုင်လျှောက်လာတဲ့ အဲဒီရှာဖွေဝရမ်းကို ဘယ်မှာ ရှာဖွေလည်းဆိုတော့ကာ အမေ့ဟိုဟာဖြစ်တဲ့ မြနန်းဘုံသာလမ်း အမှတ် (အေ) ၃၃ အိမ်ကိုရှာဖို့ အတွက် ရှာဖွေဝရမ်းကို ကျမတို့ဘက်က သက်သေခံအဖြစ် တင်သွင်းပါတယ်။ အမှုလိုက် ဥပဒေအရာရှိကတော့ ထုံးစံအတိုင်း ကန့်ကွက်ပါတယ်။ ရုံးတော်ကလည်း ကျမတို့သက်သေ ခံအဖြစ် တင်သွင်းတာကို ခွင့်မပြုပါဘူး”
အဲဒီနောက်မှာ အမှုစစ် ရဲအရာရှိကို အပြန်အလှန်စစ်မေးခဲ့ပြီး အဲဒီအမှုအတွက် တရားလိုပြသက်သေတွေ စစ်ဖို့ မကျန်တော့တဲ့အတွက် နောက်ရုံးချိန်းမှာတော့ အမှုနဲ့ ပတ်သက်လို့ စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးရမယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူထားတဲ့ နောက်တစ်မှုဖြစ်တဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈နဲ့ စွဲထားတဲ့ အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေတွေ အားလုံးကို စစ်ဆေးပြီးခဲ့ပေမယ့် အရင်အပတ် က ရုံးချိန်းမှာ တရားလိုဘက်က နောက်တိုးသက်သေတင်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ကန့်ကွက်ခဲ့ပါတယ်။
မနေ့က ရုံးချိန်းမှာတော့ အဲဒီအမှုနဲ့ ပတ်သက်လို့ နောက်တိုးသက်သေ တင်သင့် မတင်သင့်ကိစ္စနဲ့ ပတ်သက်လို့ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့တယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။ သူ့ကိုစွဲထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုကလည်း တရားလိုပြသက် သေတွေအားလုံး စစ်ဆေးပြီးသွားပြီဖြစ်လို့ နောက်ရုံးချိန်းမှာ စွဲချက်တင်သင့်မတင်သင့် နှစ်ဖက် လျှောက်လဲချက်ပေးရမှာပါ။
သမ္မတဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့စွဲထားတဲ့အမှုနဲ့ပတ် သက်လို့ စွဲချက်တင်သင့်မတင်သင့် ရုံးတော်ကို နှစ်ဘက်လုံးက လျှောက်လဲချက်ပေးခဲ့ပြီး နောက်ရုံး ချိန်းမှာဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။
စက်တင်ဘာ ၂၈ ရက် ဒီနေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးကိုစွဲထားတဲ့ နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြားအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အပြင် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို စွဲထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပေဒပုဒ်မ ၂၅ အမှု တွေကို နေပြည်တော်ကအထူးတရားရုံးမှာပဲ ဆက်လက်စစ်ဆေးဖို့ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်အပါအဝင် ပြည်ထောင်စုဝန်ကြီးသုံးဦးတို့ကို စွဲထားတဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ အပိုဒ်ခွဲ (၁) (ဂ) အမှုကိုလည်း နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးတော့မှာဖြစ်ပါတယ်။
လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မန္တလေးတိုင်းတရားလွှတ်တော်မှာစွဲထားတဲ့ အဂတိအမှု လေးမှုကိုလည်း နေပြည်တော်က အထူးတရားရုံးမှာပဲ စတင်စစ်ဆေးမှာပါ။ အဲဒီအဂတိအမှုတွေကိုတော့ တစ်ပတ်ခြားတစ်ခါ သောကြာနေ့တိုင်း စစ်ဆေးသွားလိမ့်မယ်လို့ ရှေ့နေ တွေကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ အမှုပေါင်း ၁၁ မှုနဲ့ စစ်ကောင်စီက တရားစွဲထားပါတယ်။