၆၈ နှစ်မြောက် ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ပွဲ ကျင်းပ
2013.06.19

ဇွန်လ ၁၉ ရက်နေ့ ကျရောက်တဲ့ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၈ နှစ်မြောက်မွေးနေ့ပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့မှာရှိတဲ့ NLD ပါတီရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မွေးနေ့ အမှတ်တရအဖြစ် အခက်အခဲ ပေါင်းစုံကို နှစ်ပေါင်း များစွာ အတူတကွ လက်တွဲကျော်လွှားခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေ ကျေးဇူးတင်ထိုက်သူအားလုံး ကို ကျေးဇူးတင်ကြောင်း မွေးနေ့အခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။
အန်အယ်လ်ဒီ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုဖြစ်တဲ့ သမ္မတဖြစ်ပါစေကြောင်း မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ နိုင်ငံတဝန်း အလှူရှင်တွေက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အမျိုးသား ကျန်းမာရေးကွန်ရက်နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်အလှူငွေ စုစုပေါင်း ကျပ်သိန်း ၂ဝဝ ေကျာ် လှူဒါန်းခဲ့ကြပါတယ်။
ဒီကနေ့ မွေးနေ့ပွဲကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲယ်ရစ်မစ်ချယ် အပါအဝင် ဖိတ်ကြားထားတဲ့ နိုင်ငံတကာ သံရုံးတာဝန်ရှိသူတွေ၊ နာမည်ကြီး အဆိုတော်တွေလည်း တက်ရောက်ခဲ့ပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲတွေကို နေပြည်တော်၊ မန္တလေး၊ ထားဝယ်စတဲ့ မြို့တွေအပြင် ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ကျင်းပခဲ့တယ်လို့ ဂျပန်အခြေစိုက် အန်အယ်လ်ဒီ လွတ်မြောက် နယ်မြေရုံး အတွင်းရေးမှူး ဦးမြသိန်းက ပြောပါတယ်။