အားလုံးလက်ခံနိုင်တဲ့ သဘော တူညီချက်ရအောင် ကြိုးပမ်းမည်


2017.05.24
dassk-panglong-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် MICC-2 မှာ မေလ ၂၄ ရက်နေ့ကစတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံမှာ မိန့်ခွန်းပြောကြားနေစဉ်
Photo: Kyaw Zaw Win/RFA

နိုင်ငံရဲ့အနာဂါတ်အတွက် လျှောက်လှမ်းရာမှာ “ပေါ်ပင်အများကြိုက်မယ့် နည်းလမ်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေးအရအကြပ်ကိုင်တာမျိုး” လုပ်မှာ မဟုတ်သလို အားလုံးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အများလက်ခံနိုင် တဲ့ သဘောတူညီချက်တွေရရှိအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒီကနေ့ မေလ ၂၄ရက်နေ့မှာ စတင်တဲ့ ဒုတိယအကြိမ် ၂၁ရာစုံပင်လုံညီလာခံဖွင့်ပွဲမိန့်ခွန်းမှာ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောတာဖြစ်ပါတယ်။

"အမျိုးသားရင်ကြားစေ့ရေးကို အခြေခံပြီး  ကျမတို့အနေနဲ့ နိုင်ငံတော်ရဲ့ ရှေ့ခရီးကိစ္စကို လျှောက်လှမ်း ရာမှာ  အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ခြေလှမ်းတွေ လှမ်းနေတာဖြစ်ပါတယ်၊  ပေါ်ပင်အများကြိုက်မယ့် နည်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေးအရ  အကြပ်ကိုင်တာမျိုး ကျမတို့လုပ်မှာ မဟုတ်ဘူး၊ အားလုံးနဲ့ ပွင့်ပွင့်လင်းလင်း  ဆွေးနွေးညှိနှိုင်းပြီး အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေ  ရရှိအောင်ကြိုးပမ်း သွားမှာဖြစ်ပါတယ်၊ သဘောထားကွဲလွဲမှုတွေမှ  ဘုံသဘောတူညီချက်တွေ ထွက်ပေါ်လာအောင် ညှိနှိုင်းဆွေးနွေးကြရမှာ ယဉ်ကျေး တာဟာ  ပျော့ညံ့တာ မဟုတ်ပါဘူး၊ ညှိနှိုင်းတာဟာ အလျှော့ပေးတာ မဟုတ်ပါဘူး၊  ရိုးသားတည်ကြည်မှုနဲ့ ယုံကြည်မှုကို အားလုံးက သတိတရား၊ အသိတရားနဲ့ ဆင်ခြင်  ကျင့်သုံးကြဖို့ လိုအပ်ပါတယ်"

နိုင်ငံတကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး NCA ဟာ အပစ်ခတ်ရပ်စဲရေး ခိုင်မာရေးအပြင် နိုင်ငံရေးဆွေးနွေးဖို့အတွက် အာမခံချက်ရှိရေးအတွက် လက်ခံနိုင်စရာကောင်းတဲ့ အဆင့်တဆင့်ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် NCA သဘောတူညီချက်ဟာ လမ်းဆုံး မဟုတ်ကြောင်း၊ အဲဒီစာချုပ်ဟာ နိုင်ငံရေး ဆွေးနွေးပွဲတံခါးကို ဖွင့်လှစ်ပေးလိုက်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ MNDAA ကိုးကန့်၊ TNLA/PSLF တအာန်းပလောင် လွတ်မြောက်ရေးတပ်မတော်၊ AA ရခိုင့်တပ်မတော်၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ၊ SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။ အဲဒီလို တက်ရောက်ရတာဟာ ဖိတ်စာရရှိတာအပြင် တရုတ်နိုင်ငံအစိုးရက ကြားဝင်ညှိနှိုင်းပေးမှုကြောင့် တက်ရောက်တာဖြစ်ကြောင်း မနေ့က TNLA က ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲဒီလို မြောက်ပိုင်းအဖွဲ့တွေက အထူးဖိတ်ကြားခြင်းခံရသူတွေအဖြစ် တက်ရောက်နေပေမယ့် သူတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မွန်ပြည်သစ်ပါတီ NMSP စတဲ့အဖွဲ့တွေက တက်ရောက်ခြင်း မရှိပါဘူး။

ညီလာခံကို နိုင်ငံ့ခေါင်းဆောင်တွေ၊ လွှတ်တော်ဥက္ကဌတွေ ၊ တပ်မတော် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊  နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေအပြင် ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ စုစုပေါင်း ၉၀၀ နီးပါး  တက်ရောက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။