တိုးတက်ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို သီတဂူဆရာတော် တိုက်တွန်း
2011.10.18

nldburma.org
“ပြည်သူတွေရဲ့ လိုလားချက်တွေ တောင့်တချက်တွေကို ခပ်များများ ဖြည့်စွက် ပေးနိုင်စွမ်းရင် ဒီမန်း(Demand) နဲ့ ဆပ်ပလိုင်း (Supply) ဆိုတာလိုပေါ့၊ ဆပ်ပလိုင်း သိပ်နည်းရင် ဒီဥစ္စာက မကောင်းတဲ့ အကျိုးဆက် ရှိတာပဲ၊ နိုင်ငံရေးဆိုတာ အဲဒါ ပါပဲ။ ဒီမန်းတွေ သိပ်များလာရင် ဆပ်ပလိုင်း ခပ်များများလုပ်ပေးလိုက်ရင် ငြိမ်သွားကြမှာပါ။ သို့သော်လည်းပဲ ပညာတတ် ပုဂ္ဂိုလ်တွေ စိတ်ထားနှလုံးထား ပျော့ပျောင်းတဲ့ သူတွေရဲ့အပိုင်းမှာ အမြဲတမ်း သက်ရောက်စရာ အကြောင်း ရှိပါတယ်၊ အဂရက်စစ်(Aggressive) ဖြစ်ပြီးတော့ စိတ်ဓါတ် ခက်မာတဲ့ ပုဂ္ဂိုလ်တွေ ပညာနည်းတဲ့ ပုဂ္ဂိုလ်တွေ အပိုင်းကြတော့ လုပ်ရကိုင်ရတာ အတော် ခက်လိမ့်မယ်” လို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် အခုနှစ် ဇွန်လ ၁၄ ရက်နေ့က တစ်ကြိမ်၊ ပြီးခဲ့တဲ့ရက်ပိုင်း သီတင်းကျွတ်လပြည့်နေ့က တစ်ကြိမ်၊ သီတဂူဆရာတော်ကို သွားရောက် ဖူးမြော် ဂါဝရ ပြုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရဲ့ရှေ့ရေးအတွက် သည်းခံ ခွင့်လွှတ်ပြီး၊ စိတ်ရှည်ရှည်နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ အလေးထား မှာကြားခဲ့တယ်လို့ ဆရာတော်က RFA ကို မိန့်ကြားပါတယ်။
ဆရာတော်ဟာ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ သီတဂူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နဲ့တကွ အစိုးရ ခေါင်းဆောင်တွေကိုလည်း ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးတရား ဟောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စွန့်လွှတ်စွန့်စားစိတ်၊ သည်းခံ ခွင့်လွှတ်စိတ်တွေနဲ့ ကြိုးပမ်းနေတာကြောင့် ဒီမိုကရေစီ ရရှိအောင် မုချ ဆောင်ရွက်နိုင်မှာ မှန်ပေမယ့် အချိန်တော့ ယူရလိမ့်မယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။
သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရကို အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်လျှောက်ထား တင်ပြထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |