အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးနိုင်ဟံသာ၊ ဦးခွန်ဥက္ကာနဲ့ကိုထွန်းဇော်တို့ဟာ မနေ့က မေလ ၂၃ ရက်နေ့၊ မနက် ၁ဝနာရီ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းနေအိမ်မှာတွေ့ဆုံခဲ့ကြတယ်လို့ သိရပါ သည်။ ဒါပေမယ့် အဲဒီတွေ့ဆုံပွဲမှာ ဘာအကြောင်းအ ရာတွေဆွေးနွေး တယ်ဆိုတာတော့ နှစ်ဘက်လုံးက သတင်းထုတ်ပြန်မှုမရှိသေးပါဘူး။
အဲဒီနောက် ည ၇ နာရီမှာတော့ UNFC တိုင်းရင်း သားခေါင်းဆောင်တွေဟာ ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့၊ M3 စားသောက်ဆိုင်မှာ တွေ့ဆုံခဲ့ကြ ပါတယ်။
သူတို့တွေ့ဆုံပွဲမှာ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီနဲ့ တိုင်းရင်းသားများအားလုံးတန်းတူညီမျှရေးကိုအာမခံနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုပေါ်ပေါက် လာနိုင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ ၈၈ အဖွဲ့ကကိုမြအေးက ပြော ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေက ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ကြိုးစားပေးနေတာကို လက်ခံကြိုဆိုကြောင်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေကိုထောက် ခံကြောင်း ပြောဆိုတယ်လို့သိရပါတယ်။
အဲဒီညစာစားပွဲကို UNFC မှ ဦးနိုင်ဟံသာ၊ ဦးခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး လုံးလုံ၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ကိုထွန်းဇော်နဲ့အဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြပြီး၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်နဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါသည်။