ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနား မန္တလေး NLD ဦးစီးကျင်းပ
ဒီနေ့ ကျရောက်တဲ့ မေ ၃၀ ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို မန္တလေးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဦးစီးကျင်းပပြီး အဲဒီနေ့က အသက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
-
2012-05-30 -
-
-
ဒီအခမ်းအနားကို ဘုရားကြီးတောင် ထီးလင်းတိုက်ကျောင်းမှာ ဒီနေ့မနက်က ကျင်းပရာ အခါတိုင်းနှစ်ထက်စာရင် ပိုပြီး လွတ်လပ်မှုရှိခဲ့ကြောင်း တိုင်းစည်းရုံးရေးအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပြပါတယ်။
“ ဒီနှစ်ကတော့ အခါတိုင်းနှစ်ထက်စာရင် ပိုပြီး အနေအထား ပိုပွင့်တာပေါ့။ အခါတိုင်းက ကျွန်တော်တို့ ဒီပဲယင်းအခမ်းအနား ကျင်းပမယ်ဆိုရင် ကျောင်းတိုက်တွေ ဘာတွေမှာ နီးစပ်ရာမြို့နယ်တွေ အဖွဲ့ဝင်တွေကို အကြောင်းကြားလို့ရတယ်။ ဒီနှစ်တော့ ကျွန်တော်တို့ ကြိုပြီးတော့ တောင်ထီးလင်းတိုက်မှာ ပြုလုပ်မယ်ဆိုတာ ကြိုပြီးတော့ အကြောင်းကြားထားတယ်။ အဲဒီအတွက်လည်း အခါတိုင်းနှစ်တွေမှာ အနှောင့်အယှက် အတားအဆီးတွေရှိတယ်။ ဒီနှစ်ကတော့ အဲလိုမရှိဘူး။ လွတ်လွတ်လပ်လပ်ပဲ။ ဆွမ်းကပ်ခွင့်ရှိတယ်”
အခမ်းအနားကို လူဦးရေ ၁၅၀ လောက် တက်ရောက်တယ်လို့ သိရပြီး ၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းအနီး ကြည်ရွာမှာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ ကျဆုံးသွားတဲ့ မန္တလေးက ဦးတင်မောင်ဦး၊ ကိုသိန်းတိုးအေးနဲ့ ကိုစန်းမြင့်ဆိုတဲ့ အင်န်အယ်လ်ဒီ အဖွဲ့ဝင် ၃ ဦးရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကြေးငွေ ပေးအပ်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။
“ကျွန်တော်တို့ ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေကို အရုဏ်ဆွမ်းကပ်ပြီးတဲ့အခါမှာ ဒီပဲယင်းမှာ ကျဆုံးသွားတဲ့ မန္တလေးတိုင်း၊ မြို့နယ်တွေက အဖွဲ့ဝင်တွေ ရှိပါတယ်။ အနောက်တောင်မြို့နယ်က ဦးတင်မောင်ဦး ရှိပါတယ်။ နောက်ပြီးတော့ အနောက်တောင်ကပဲ ကိုသိန်းတိုးအေးရယ်၊ အနောက်မြောက်က ကိုစန်းမြင့်ဆိုတဲ့ အဲဒီ ၃ ဦး အတွက်ကို တစ်ဦးကို ၁၂၀၀၀၀ စီပေါ့။ အဲဒီမိသားစုကို ထောက်ပံ့ခဲ့ပါတယ်”
ဒီပဲယင်းမှာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အဲဒီအရေးခင်းနဲ့ ပတ်သက်လို့ ၉ နှစ် ပြည့်လာခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က အခုထိ တစုံတရာ ဖြေရှင်းပေးတာ မရှိသေးဘူးလို့ သိရပါတယ်။