ပျက်စီးသွားတဲ့ စေတီ ပုထိုးတွေဟာ ပြုပြင်ထား တဲ့စေတီတွေများ
2016.08.26

ငလျင်ကြောင့် ပျက်စီးသွားတဲ့ ရှေးဟောင်းဘုရားပုထိုးစေတီ အများစုဟာ ပြန်လည် ပြုပြင်ထားတဲ့ စေတီတွေဖြစ် ပြီး ရှေးဟောင်းလက်ရာ အနည်းငယ်သာထိခိုက်မှုရှိတယ်လို့ UNESCO ကုလသမဂ္ဂ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့အစည်းက ပြောပါတယ်။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဘုရားပုထိုးတွေ ထိန်းသိမ်းရေးအတွက် ပုဂံကိုရောက်ရှိနေတဲ့ ယူနက်စကိုရဲ့ အစီအစဉ်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးနဲ့ RFA က တွေ့ဆုံမေးမြန်းရာမှာ ပြောတာဖြစ်ပါတယ်။
ယူနက်စကိုအဖွဲ့က ကျွမ်းကျင်ပညာရှင်တွေဟာ အစိုးရနဲ့ ပူးပေါင်းပြီး ရှေးဟောင်းဘုရားတွေကို မူလလက်ရာ ပုံစံမျိုးနဲ့ ထိန်းသိမ်းပြုပြင်သွားမှာဖြစ်ပါတယ်။ ပျက်စီးသွားတဲ့ စေတီတွေကို ရှင်းလင်းရာမှာ ရှေးဟောင်းပစ္စည်းတွေ ကို စစ်တမ်းကောက် ခွဲခြားထုတ်မှာ ဖြစ်တဲ့အပြင် ပြတိုက်ငယ်ပုံစံနဲ့ ပြသသွားမယ်လို့လည်း ပြောပါတယ်။
ပုဂံဘုရားတွေ ရှေးမှုလပုံစံအတိုင်း ပြန်ထားဖို့အတွက် UNESCO ရဲ့ အရေးပေါ်ရန်ပုံငွေကို အသုံးပြုမှာဖြစ်သလို ယူနက်စကိုရဲ့ ကိုယ်စားလှယ်တွေလည်း ဒီကနေ့ ညနေမှာ ပုဂံကိုရောက်ရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၂၀ခုနှစ်မှာ ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ပါဝင်လာနိုင်လိမ့်မယ်လို့ လည်း ဒေါ်ဥမ္မာမျိုး က ပြောပါတယ်။
ငလျင်ကြောင့် ပုဂံဒေသက စေတီပုထိုးပေါင်း ၂၀၀ နီးပါးထိခိုက်မှုရှိခဲ့ပြီး လက်ရှိအချိန်မှာ ဘုရားအဆူ ၃၀ ကျော်ကို တက်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာက စာရင်းထုတ်ပြန်ထားပါတယ်။
မနက်ဖြန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပျက်စီးသွားတဲ့ ပုဂံဘုရားတွေ ကို လာရောက်ကြည့်ရှုမှာဖြစ်သလို မနေ့ကလည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် လာရောက်ကြည့်ရှုခဲ့ပါတယ်။