အလုပ်သမားတွေ ရပိုင်ခွင့်အတွက် ဆန္ဒပြ

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်က အလုပ်သမား (၂၀၀) ကျော်ဟာ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ အပြည့်အဝရရှိဖို့ အတွက် အောက်တိုဘာလ ၂၁ ရက် ဒီကနေ့ မနက်က တရားဝင် ခွင့်ပြုချက်နဲ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်က အလုပ်သမားအစည်းအရုံး အဖွဲ့ဝင် အလုပ်သမား ၂၀၀ ကျော်လောက် အောက်တိုဘာလ ၂၁ ရက်နေ့မနက်က ဆန္ဒပြနေကြစဉ်

အလုပ်သမားတွေရဲ့ အခြေအနေမှန်တွေကို အစိုးရက သိရှိပြီး အလုပ်သမားဥပဒေမှာ ပြဌာန်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြတာလို့ ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင်သူ တစ်ဦးက RFAကို ပြောပါတယ်။

အဲဒီဆန္ဒပြပွဲမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့် တောင်းဆိုချက် (၉)ချက်ကို ကြွေးကြော် ပြီး အလုပ်သမားတွေဟာ မင်းကြီးမဟာမင်းခေါင်လမ်းနဲ့ ကနောင်မင်းသားကြီး လမ်းဆုံကနေ ကနောင်ကွေ့အထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ နီလာစတား စက္ကူစက်ရုံ အလုပ်သမား သမဂ္ဂ ၊ ဒဂုံဆိပ်ကမ်း အထည်ချုပ် အလုပ်သမား သမဂ္ဂ၊ အာရှနဂါး (MMM)အထည်ချုပ် အခြေခံ အလုပ်သမား သမဂ္ဂ၊ HK ပလပ်စတစ် စက်ရုံ အလုပ်သမား သမဂ္ဂနဲ့ Beautiful Wood သစ်အချောထည် စက်ရုံ အလုပ်သမား သမဂ္ဂ စတဲ့ အဖွဲ့အစည်းတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။

အလားတူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းက အနှေးယာဉ် အလုပ်သမား တစ်ရာကျော်ဟာ  တရားမဝင်လိုင်စင်မဲ့ ဆိုက္ကားတွေ ရှင်းလင်းပေးဖို့ ဒီကနေ့မနက်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့ ကြပါတယ်။

တရားမဝင်လိုင်စင်မဲ့ ဆိုက္ကားတွေ ရှိနေတာဟာ လိုင်စင်နဲ့ လုပ်ကိုင်စားသောက်နေတဲ့ သူတွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်ရတဲ့အတွက် ဆန္ဒပြရတာ ဖြစ်တယ်လို့ အဲဒီဆန္ဒပြပွဲမှာ ဦးဆောင် ဟောပြောခဲ့တဲ့ အနှေးယာဉ် အလုပ်သမား ဦးခင်လှိုင် က ဟောပြောခဲ့ပါတယ် ။

အဲဒီ ဆန္ဒပြပွဲမှာ အနှေးယာဉ် အလုပ်သမား တစ်ရာကျော်ဟာ မနက် ကိုးနာရီမှာ လှိုင်သာယာမြို့နယ် ဘီအိုစီ အဝိုင်းမှာ စုဝေးပြီး အဲဒီကနေ ခွင့်ပြုချက်ရထားတဲ့ မြို့နယ်အားကစားကွင်းကို လိုင်စင်မဲ့ ဆိုက္ကားများ ရှင်းလင်းပေးရေး ပိုစတာတွေ ကိုင်ဆောင်ပြီး စီတန်းလမ်းလျှောက်ခဲ့ကြတာပါ။

လှိုင်သာယာမြို့နယ်မှာ အနှေးယာဉ် ဆိုက္ကားအစီးရေ (၅၀၀၀)ကျော်လောက်ရှိပြီး မြို့နယ်စည်ပင်သာယာ ရေးဌာန မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ဆိုက္ကားအစီးရေ ( ၁၄၀၀) ကျော် ရှိရာမှာ တရားမဝင် လိုင်စင်မဲ့ ပြေးဆွဲနေတဲ့ အနှေးယာဉ်ပေါင်း ( ၄၀၀၀) လောက်ရှိနေတယ်လို့ သိရပါတယ်။

 

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org