တောင်ကိုရီးယား ချေးငွေလုပ်ငန်းက မြန်မာဝန်ထမ်းနှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံး

RFA Burmese
2024.05.28
တောင်ကိုရီးယား ချေးငွေလုပ်ငန်းက မြန်မာဝန်ထမ်းနှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံး တောင်ကိုရီးယားနိုင်ငံရှိ Daegu [DGB FINANCIAL GROUP] ဘဏ်ရုံးချုပ်အား တွေ့ရစဥ်။
Korea JoongAng Daily

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ တောင်ကိုရီးယား အသေးစားချေးငွေလုပ်ငန်း DGB Microfinance Myanmar က မြန်မာဝန်ထမ်းနှစ်ဦး သေနတ်သမားတစ်စုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့ ကုမ္ပဏီက မေလ ၂၈ ရက်နေ့မှာ အတည်ပြုကြောင်း တောင်ကိုရီးယား အင်္ဂလိပ်သတင်းစာ Korea JoongAng Daily က ဖော်ပြပါတယ်။

မြန်မာဝန်ထမ်းနှစ်ဦးဟာ မေ ၂၁ ရက်နေ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာအနီးမှာ အလုပ်လုပ်ကိုင်နေချိန် ကြားညပ်ခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရတာတော့ မဟုတ်ဘူးလို့ဆိုပါတယ်။

သေဆုံးသွားတဲ့ ဝန်ထမ်းနှစ်ဦးရဲ့ အသေးစိတ်အချက်အလက်နဲ့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာဖြစ်ပွားတယ် ဆိုတာကိုတော့ Korea JoongAng Daily က အသေးစိတ်မဖော်ပြပါဘူး။

ကုမ္ပဏီအနေနဲ့ ဝန်ထမ်းနှစ်ဦးအတွက် နာရေးစရိတ် ချက်ချင်းထောက်ပံ့ခဲ့ပြီး ကျန်ရစ်မိသားစုအတွက် ဆက်လက်ထောက်ပံ့သွားဖို့ရှိတယ်လို့လည်း ဖော်ပြပါတယ်။

တိုက်ခိုက်သူတွေဟာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှု ရှိ မရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

DGB Microfinance Myanmar ဟာ တောင်ကိုရီးယားဘဏ် Daegu Bank ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်တယ်လို့ Korea JoongAng Daily က ဖော်ပြပါတယ်။ DGB Microfinance Myanmar ကို ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရုံးခွဲ သုံးဆယ်ရှိတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။