ဆိုင်ကလုန်း မုန်တိုင်း ဂီရိ မိုင် ၁၀၀ နှုန်းဖြင့် ကျောက်ဖြူကို ဝင်ရောက်

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဂီရိ (Giri) ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကို တနာရီ မိုင် ၈၀-၁၀၀ နှုန်းနဲ့ ဝင်ရောက် တိုက်ခတ်မယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဦးတင်ငွေက RFA ကို ခန့်မှန်း ပြောဆိုပါတယ်။

2010.10.22
cyclone_giri_map_305_z.jpg တောင်ကြီးဟု အဓိပ္ပာယ်ရသည့် ဂီရိ အမည်ရှိ မုန်တိုင်း မြန်မာနိုင်ငံ၊ ကျောက်ဖြူဒေသကို အောက်တိုဘာ ၂၂ ရက် သောကြာနေ့က ဝင်ရောက်သည့် အခြေအနေပြ မြေပုံ ဖြစ်ပါသည်။ တွက်ချက် ခန့်မှန်းချက်များအရ သောကြာနေ့ည ၁၁ နာရီတွင် အဆင့် ၂ မုန်တိုင်း၊ စနေနေ့ နံနက် ၁၁ နာရီတွင် အပူပိုင်းဒေသ မုန်တိုင်းအဖြစ်သို့ ပြောင်းလဲကာ စနေနေ့ ည ၁၁ နာရီတွင် လျော့ပါးသွားမည့် အနေအထားကို ပြသနေပါသည်။ (RFA Graphic; Source: Weather Underground)
(RFA Graphic; Source: Weather Underground)

ဒီမုန်တိုင်းကြောင့် ဆည်တွေ၊ ချောင်းမြောင်းတွေမှာ ရေကြီးနိုင်ကြောင်း၊ ဘေးလွတ်ရာ ရွှေ့ပြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ မုန်တိုင်းသတိပေးချက်တွေကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဦးတင်ငွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးတင်ငွေနှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

ရခိုင်ပြည်နယ် ကျောက်ဖြူကို ဒီကနေ့ ဗဟိုပြုတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကို ဂီရိလို့ အိန္ဒိယ မိုးလေဝသဌာနက အမည်ပေးထားပါတယ်။ လေတိုက်နှုန်းတနာရီ မိုင် ၁၀၀ နှုန်းလောက် ရှိမယ်လို့ မိုးလေဝသနနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်က ပြောပါတယ်။ ဒေသခံ ပြည်သူတွေအနေနဲ့ ကာကွယ်ရေးအဖြစ် ခိုင်ခံ့တဲ့ အဆောက်အအုံတွေမှာ ခိုလှုံနေထိုင်ဖို့၊ လှိုင်းကြီးနေတာကြောင့် ပင်လယ်ကို ရှောင်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဂီရိမုန်တိုင်း မတိုက်မီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးxထွန်းလွင်နှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

ဂီရိ (Giri) ဆိုင်ကလုန်းမုန်တိုင်းဟာ လွန်ခဲ့တဲ့ တနာရီလောက်က တနာရီကို မိုင် ၁၀၀ နှုန်းနဲ့ ကျောက်ဖြူ ကုန်းတွင်းပိုင်းကို ဝင်ရောက် တိုက်ခတ်သွားခဲ့ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်က မြန်မာစံတော်ချိန် ည ၈ နာရီမှာ RFA ကို အတည်ပြု ပြောဆို ပါတယ်။ မုန်တိုင်းကြောင့် သစ်ပင်တွေ ပြိုလဲ၊ နေအိမ်အမိုးတွေ လံတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးဘူးလို့သူက ပြောပါတယ်။

ဦးထွန်းလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးထွန်းလွင်နှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

နောက်ဆုံးရ သတင်း

ဂီရိ လေမုန်တိုင်းဟာ သောကြာနေ့ ညနေက ကျောက်ဖြူမြို့အနီးကနေ ဖြတ်သန်းပြီး ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားပါပြီ။ ည ၈ နာရီခွဲအချိန်လောက်မှာ အားပျော့သွားပြီဖြစ်ပြီး၊ ရခိုင်ကမ်းရိုးတန်း ဒေသတွေမှာ အဆိုးဆုံးအခြေအနေကို ကျော်လွန်သွားပြီလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်က RFA ကို ပြောပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ဆက်လက် ရှိနေပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသကို ဘယ်လောက် ပြင်းပြင်းထန်ထန် ကျရောက်နိုင်သလဲ ဆိုတာကိုတော့ နောက်ထပ် ၁၂ နာရီလောက်အထိ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း၊ ကုန်းတွင်းပိုင်းဝင်ပြီး နာရီပိုင်းအတွင်း မုန်တိုင်းဗဟိုချက်မ အားနည်းသွားတာကို မြင်တွေ့ရတဲ့ အတွက် အလွန်အမင်း စိုးရိမ်စရာ မရှိပါဘူးလို့တော့ သူယူဆကြောင်း ဦးထွန်းလွင်က သောကြာနေ့ ည မြန်မာစံတော်ချိန် ၁၀ နာရီခွဲက RFA ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။