အလုပ်သမားနှစ်ထောင်ခန့် ဆန္ဒပြ
2019.02.10

အလုပ်သမားတရားရုံး ပေါ်ပေါက်ဖို့၊ လွတ်လပ်တဲ့ အသင်းအပင်းဖွဲ့စည်းခွင့်ရှိဖို့၊ အလုပ်သမားသမဂ္ဂ အခန်းကဏ္ဍကို ဥပဒေမှာ ထည့်သွင်းပြဌာန်းပေးဖို့၊ အလုပ်သမားဥပဒေတွေကို ILO စံနှုန်းနဲ့အညီ ပြင်ဆင်ဖို့ ဆိုတဲ့ တောင်းဆို ချက်တွေကို လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ အလုပ်သမားတွေအပါအဝင် အလုပ်သမားနှစ်ထောင်ခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဒီဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့က ဦးဆောင်တာဖြစ်ပါတယ်။
မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုတော့မယ့် အလုပ်ရှင်-အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းမှာ အလုပ်သမားတွေရဲ့ ဆန္ဒသဘောထားတွေ ပါဝင်နိုင်ရေးအတွက် ဆန္ဒပြတောင်းဆိုကြတာဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုထားတဲ့ ဘယ်ပါတီကိုမဆို အလုပ်သမားတွေက မဲထည့်မှာမဟုတ်ကြောင်းလည်း ဆန္ဒပြသူတွေက ပြောကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ နဲ့ ကိုသန့်ဇင်ဦး တို့ ပေးပို့တာပါ။