မှုခင်းသတင်းထောက်အဖွဲ့ဝင်တွေ ကို အရေးယူပေးဖို့ တိုင်ကြား


2017.04.26
mpc-letter-crime-reporters-620.jpg မြန်မာနိုင်ငံ မှုခင်းသတင်းထောက်အဖွဲ့ချုပ် ဥက္ကဌကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပေးပို့တဲ့စာကို တွေ့ရစဉ်
Photo: Mm.presscouncil/ Facebook

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းက အဖွဲ့ဝင်သတင်းထောက်တွေအနေနဲ့ ငွေကြေးရယူပြီး သတင်းရေး သားမှု နဲ့ သတင်းထိန်ချန်မှုတွေရှိနေတယ်ဆိုတဲ့ တိုင်ကြားစာတွေ ရှိလာတာကြောင့် စိစစ်အရေးယူပေးဖို့ သတင်းမီဒီ ယာကောင်စီက နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနထံ မနေ့က ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့လိုက် ပါတယ်။

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း ဥက္ကဌထံ လိပ်မူပြီးပေးပို့တာဖြစ်ပေမယ့် အဲဒီအသင်းမှာ ရဲအရာရှိ ဟောင်းတွေလည်း ပါဝင်နေတာတွေ ရှိတာကြောင့် ပြည်ထဲရေးနဲ့ သမ္မတရုံးကိုပါ မိတ္တူပေးပို့ခဲ့တာ ဖြစ်တယ်လို့ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစော ကပြောပါတယ်။

"သတင်းမီဒီယာကောင်စီကို တိုင်ကြားစာတွေ ရောက်တယ်။ သမ္မတရုံးတွေ ပြည်ထဲရေးတွေ ပို့တယ်ဆိုတာက ရှင်းရှင်းပြောလို့ရှိရင် အဲဒီအဖွဲ့အစည်းနဲ့ လူကြီးပိုင်းမှာ အဲဒီလိုပတ်သက်မှုတွေ ရှိတယ်ပေါ့နော်။ လူကြီးပိုင်းတွေ ကို နာမည်ခံပြီးတင်ထားတာတွေရှိတယ်။ ဆိုတော့သူတို့လည်း သတိထားမိအောင်ဆိုပြီးတော့ copy ပို့ တာပါ။ အဓိကကတော့ ငါတို့ဟာ မှုခင်းသတင်းထောက်များ အဖွဲ့ချုပ်ဥက္ကဌဖြစ်တဲ့ ဆရာဦးဟန်ညွှန့်ဆီ ကို လိပ်မူပြီး အကြောင်းကြားစာပို့တယ်"

သတင်းမီဒီယာကောင်စီက ပေးပို့တဲ့ အကြောင်းကြားစာမှာ သတင်းမီဒီယာကျင့်ဝတ်ကို ဖောက်ဖျက်ကျူးလွန် မှု တွေရှိနေတဲ့အပေါ် စည်းကမ်းထိန်းသိမ်းပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် သတင်းမီဒီယာအဖွဲ့အစည်းတွေဖြစ်တဲ့ MJN၊ BNI ၊ MJU အစရှိတဲ့ အဖွဲ့တွေကလည်း မြန်မာနိုင်ငံ မှုခင်း သတင်းထောက်များအသင်းထံ အကြောင်းကြား စာပေးပို့ထားပြီး အဲဒီအကြောင်းကြားစာမှာ မှုခင်းသတင်းထောက် များအသင်းတံဆိပ်နဲ့ ယူနီဖောင်းဝတ်ဆင်ထားသူတွေအနေနဲ့ သတင်းအရင်းမြစ်တွေဆီက ခြိမ်းခြောက်ငွေတောင်း ယူမှုတွေရှိနေတယ်လို့ ရေးသားထားပါတယ်။

မှုခင်းသတင်းထောက်များအသင်းမှာ ရဲအရာရှိဟောင်းတွေနဲ့ အစိုးရအငြိမ်းစားအရာရှိတွေ ပါဝင်နေပြီး တချို့ နေရာတွေမှာ အသင်းသားတွေအနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလို ပြုမှုဆောင်ရွက်တာတွေရှိနေတယ်လို့လည်း အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

သတင်းထောက်လို့ အမည်ခံပြီး သတင်းမီဒီယာ လုပ်ငန်းမဟုတ်တာတွေကို ဆောင်ရွက်နေတာဟာ သတင်းမီဒီ ယာသမားတွေကို အစိုးရနဲ့ ပြည်သူတွေဘက်က အထင်မှားပြီး ယုံကြည်မှုကျဆင်းစေနိုင်တာကြောင့် မှုခင်း သတင်းထောက်များအသင်းက အဖွဲ့ဝင်တွေကို စိစစ်ကြပ်မတ်ပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ သတင်း မီဒီယာအဖွဲ့တွေက ပေးပို့တဲ့ အကြောင်းကြားစာမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။