စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ဘဏ်ကွင်းဆက် အသစ်တွေ Justice For Myanmar အဖွဲ့ထုတ်ပြန်

2021.07.28
စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ ဘဏ်ကွင်းဆက် အသစ်တွေ Justice For Myanmar အဖွဲ့ထုတ်ပြန် ၂ဝ၁၉ ခုနှစ်က (၇၂)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ကို တက်ရောက်လာတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။
Photo: Myanmar Military

မြန်မာစစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီကြီး ၁၈ ခုမှာ နိုင်ငံတကာဘဏ်ကြီး ၁၉ ခုက အမေရိကန် ဒေါ်လာ ၆၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားကြတယ်လို့ Justice For Myanmar အဖွဲ့က ဇူလိုင်လ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေမှာ ရှယ်ယာအများဆုံး ပိုင်ဆိုင်တာကတော့ ပြင်သစ်ပိုင် Crédit Agricole ဘဏ် ဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ဖိုး ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ တခြားအများဆုံး ရှယ်ယာပိုင်ရှင်တွေကတော့ ဂျပန် Sumitomo Mitsui Trust နဲ့ Mitsubishi UFJ ဘဏ်၊ အမေရိကန်က Bank of America နဲ့ JPMorgan Chase ဘဏ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မေလက နယ်သာလန်အခြေစိုက် BankTrack အဖွဲ့နဲ့ Justice For Myanmar ပူးတွဲထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ နောက်ဆက်တွဲအဖြစ် ဒီဘဏ်တွေအကြောင်း တွေ့ရှိချက်အသစ်တွေ ဆိုပြီး ဖြည့်စွက်ထုတ်ပြန် လိုက်တာပါ။။

အဲဒီနိုင်ငံတကာဘဏ်ကြီး ၁၉ ခုကတော့… Crédit Agricole, Sumitomo Mitsui Trust, Mitsubishi UFJ Financial, Bank of America, JPMorgan Chase, UBS, Deutsche Bank, Morgan Stanley, BPCE Group, Credit Suisse, Mizuho Financial, Société Générale, Wells Fargo, Goldman Sachs, Royal Bank of Canada, BNP Paribas, Barclays, DZ Bank နဲ့ Toronto-Dominion Bank တို့ ဖြစ်ပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ… ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု မတိုင်ခင် ကာလကြာရှည်ကတည်းက မြန်မာစစ်တပ် ဒါမှမဟုတ် စစ်တပ်ထိန်းချုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကုမ္ပဏီကြီး ၈ ခု၊ စစ်အာဏာသိမ်း အစိုးရနဲ့ တိုက်ရိုက်ဆက်သွယ် လုပ်ကိုင်နေတဲ့ စီးပွားရေးကုမ္ပဏီကြီး ၁၀ ခုရဲ့ အမည်စာရင်းတွေကို ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ ကာလကြာရှည် ဆက်သွယ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီး ၈ ခုကတော့… အိန္ဒိယပိုင် Adani ပင်လယ်ဆိပ်ကမ်းတည်ဆောက်ရေးကုမ္ပဏီ၊ အိန္ဒိယအစိုးရပိုင် Bharat စစ်လက်နက်ပစ္စည်းကုမ္ပဏီ၊ ဂျပန် Daiwa House ဆောက်လုပ်ရေးကုမ္ပဏီ၊ အမေရိကန် Hilton ဟိုတယ်လုပ်ငန်းကုမ္ပဏီ၊ ဟောင်ကောင် Shangri-La Asia ဟိုတယ်လုပ်ငန်း ကုမ္ပဏီ၊ တောင်ကိုရီးယား Posco စွမ်းအင်ကုမ္ပဏီ၊ ဟောင်ကောင် Sinotruk ထရပ်ကားကုမ္ပဏီနဲ့ ဂျပန်အခြေစိုက် Tokyo Tatemono အိမ်ခြံမြေ လုပ်ငန်းကုမ္ပဏီတို့ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ ကုမ္ပဏီကြီး ၁၀ ခုကတော့… ‌အမေရိကန် Chevron ကော်ပိုရေးရှင်း၊ ဂျပန် Eneos ကော်ပိုရေးရှင်း၊ အီတလီ ENI ရေနံကုမ္ပဏီ၊ အိန္ဒိယ Gail ရေနံကုမ္ပဏီနဲ့ ONGC ကော်ပိုရေးရှင်း၊ ထိုင်း PTT ရေနံကုမ္ပဏီ၊ ဗြိတန် Shell ရေနံကုမ္ပဏီ၊ ပြင်သစ် Total ကုမ္ပဏီ… စတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍက ကုမ္ပဏီ ၈ ခုနဲ့ ဂျပန်တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ KDD ကုမ္ပဏီ၊ Sumitomo ကော်ပိုရေးရှင်းတို့ ဖြစ်ပါတယ်။

Justice For Myanmar အဖွဲ့ဟာ မြန်မာပြည်သူတွေ တရားမျှတမှုနဲ့ တာဝန်ခံမှု ရရှိ‌စေဖို့ လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။