လားရှိုးမှာ သက်ကြီးရွယ်အိုတွေကို ဦးစားပေးစနစ်နဲ့ ကိုဗစ်ကာကွယ်ဆေးထိုး

2021.07.30
လားရှိုးမှာ သက်ကြီးရွယ်အိုတွေကို ဦးစားပေးစနစ်နဲ့ ကိုဗစ်ကာကွယ်ဆေးထိုး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂၀၂၁၊ ဇူလိုင် ၃၀ ရက်နေ့က ထိုးပေးနေစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို  ကျန်းမာရေးဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ဒီနေ့ကစပြီး ထိုးပေးနေပါတယ်။

တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကာကွယ်ဆေးကို ထိုးပေးနေတာဖြစ်ပြီး နှစ်ကြိမ် ထိုးနှံရမှာပါ။

ဒီနေ့မနက်က လားရှိုးမြို့က ဘိုးဘွားရိပ်သာ၊ ခါးရိုးကျောင်းတိုက်၊ ပန်အုပ်ကျောင်း၊ ပြည်သူ့ဆေးရုံစတဲ့ နေရာလေးခုမှာ အသက် ၆၅ နှစ်အထက်ရှိသူ ၁၁၇ ဦးကို ကာကွယ် ဆေး ထိုးပေးခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ထပ် ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေအတွက်လည်း ရပ်ကွက်တွေထဲမှာ အသက်အရွယ်အလိုက် စာရင်းတွေကို လိုက်လံကောက်ယူနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးအတွက် ကျန်းမာရေးဌာနက ဆေးတစ်လုံးကို လူဆယ်ယောက်နှုန်း ထိုးပေးနိုင်မယ့် ကိုဗစ်ကာကွယ်ဆေး ရှစ်ထောင်ကျော် ခွဲတမ်းရရှိထားပြီး လူဦးရေ နှစ်သောင်းနီးပါးကို ထိုးနှံမှာဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ လားရှိုးမှာ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၁၆၀၀ ကျော်နဲ့ ဆေးရုံမှာ သေဆုံးသူက နှစ်လအတွင်းမှာ ၈၈ ဦး ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပြင်ပမှာ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူတွေလည်းရှိတာကြောင့် အမှန်တကယ်စာရင်းက ဒီထက်ပိုနိုင်တယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ ဆေးရုံဆင်းသူကတော့ တစ်ထောင်ဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွေကို လားရှိုးပြည်သူ့ဆေးရုံဆေးရုံ၊ ပညာရေးဒီဂရီကောလိပ် စတဲ့နေရာတွေမှာ ကုသပေးနေပြီး ရပ်ကွက်အဝင်အထွက်တွေနဲ့ မြို့အဝင်အထွက်တွေကို အသွားအလာတွေ ကန့်သတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။