တစ်ရက်တည်း ကိုဗစ်လူနာ ၂၇၀၀ ကျော် စံချိန်တင်တွေ့

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ကယားပြည်နယ်မှာ ကိုဗစ်ဓာတ်ခွဲနမူနာ ယူနေစဉ်
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ကယားပြည်နယ်မှာ ကိုဗစ်ဓာတ်ခွဲနမူနာ ယူနေစဉ် (Photo: AFP)

ဖေဖော်ဝါရီ ၁၆ ဒီနေ့တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာသစ် ၂၇၄၀ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လူ ၁၀၀ မှာ ကိုးယောက်နှုန်း ပိုးကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ နေ့စဉ် ကိုဗစ်ပိုးတွေ့သူ ထောင်နဲ့ချီ ပြန်ဖြစ်လာပြီး ဒီနေ့ပိုးတွေ့ရှိမှုဟာ စံချိန်တင်တွေ့ရှိခဲ့တာပါ။

ဒီနေ့ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ လေးဦးရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မတ်လကုန်ပိုင်းက ပထမဆုံး ကိုဗစ်ရောဂါပိုးတွေ့လူနာကိုတွေ့ရှိခဲ့တာဖြစ်ပြီး ဒီနေ့အထိ ရောဂါကူးစက်ခံရသူလူနာပေါင်း ၅၅၃၅၆၄ ဦး ရှိပြီးတော့၊ သေဆုံးသူ စုစုပေါင်း ၁၉၃၁၈ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စာရင်းကောက်ဖို့ ခက်သွားတာကြောင့် ကူးစက်နှုန်းရော သေဆုံးနှုန်းရော အရေအတွက်ဟာ စစ်ကောင်စီက ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ လူမှုကူညီရေးသမားတွေက ပြောဆိုနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း တစ်ရှိန်ထိုး မြင့်တက်နေသလို ရောဂါမပြင်းထန်ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် မပေါ့ဆကြဖို့ကိုလည်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုကူညီရေးအသင်းတွေက သတိပေးနေကြပါတယ်။