လားရှိုးမှာ ကိုဗစ်လူနာသစ် သုံးရာခန့်ရှိလာ
လားရှိုးမြို့မှာ ဇွန်လ ၈ ရက်နေ့က ဇွန်လ ၂၆ရက်နေ့ညနေပိုင်းအထိ ပိုးတွေ့လူနာ သုံးရာလောက်ရှိနေပြီး ရောဂါကြောင့် သေဆုံးသူ လေးဦးရှိခဲ့တယ်လို့ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီစာရင်းတွေမှာ ဖော်ပြထား ပါတယ်။
- 2021-06-26
-
-
-
ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာသုံးရာ လောက်ရှိလာနေတဲ့ ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့မှာ လူနာအသစ်တွေထပ် တိုးလာနိုင်လို့ နေရာအသစ်တွေ ထပ်မံပြင်ဆင်နေပါတယ်။
ပိုးတွေ့လူနာတွေကို ကုသပေးနေတဲ့ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး မှာ နေရာမလုံလောက်တော့တာကြောင့် ဇွန်လ ၂၆ရက်နေ့ ဒီကနေ့မှာဆိုရင် လားရှိုးမြို့ မိုးလုံလေလုံ အားကစားကွင်းမှာ ပိုးတွေ့လူနာအသစ်တွေ ထပ်မံထားရှိဖို့ ပြင်ဆင်နေတာပါ။
လက်ရှိပြင်ဆင်နေတဲ့ နေရာအသစ်မှာ အမျိုးသမီးတစ်ရာ အမျိုးသားတစ်ရာ စုစုပေါင်းလူဦးရေနှစ်ရာလောက် ထားရှိနိုင် အောင်ဆောင်ရွက်နေတယ်လို့ မြို့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဇွန်လ ၂၇ရက်နေ့ ညနေပိုင်းမှာ လူနာအသစ်တွေကို စတင်လက်ခံနိုင်အောင် ပြင်ဆင်နေတာလို့ဆိုပါတယ်။
လားရှိုးမြို့မှာ ဇွန်လ ၈ ရက်နေ့က ဇွန်လ ၂၆ရက်နေ့ညနေပိုင်းအထိ ပိုးတွေ့လူနာ သုံးရာလောက်ရှိနေပြီး ရောဂါကြောင့် သေဆုံးသူ လေးဦးရှိခဲ့တယ်လို့ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
မြို့တွင်းလူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ လားရှိုးမြို့COVID 19 ရောဂါ ကာကွယ်ထိန်းချုပ် ကူညီနိုင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဇွန်လ ၂၆ရက်နေ့ ဒီကနေ့မှာ ကိုဗစ်ကြောင့် အမျိုးသားနှစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊လားရှိုး၊သီပေါ၊သိန္နီစတဲ့မြို့နယ်တွေကနေ ကိုဗစ်ကြောင့် သေဆုံးသူနဲ့ ရောဂါသံသယကြောင့် သေဆုံသူပေါင်းမယ်ဆိုရင် ဆယ်ဦးကျော် အထိရှိပြီလို့ဆိုပါတယ်။
နေရာအခက်အခဲကြောင့် ရောဂါရှိသူတွေနဲ့ ထိတွေခဲ့သူတွေကို ထပ်မံစစ်ဆေးဖို့ အချိန်ယူနေရတယ်လို့လည်း ဆိုပါတယ်။
လားရှိုးမြို့မှာ ကိုဗစ်ရောဂါကြောင့် ဈေးတွေအားလုံးနီးပါးနှစ်ပတ်ကြာပိတ်ထားပြီး တည်ခိုခန်းတွေကိုလဲနှစ် ပတ်ကြာ အောင်ပိတ်ထားပါတယ်။
စားသောက်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပြုထားပါတယ်။