ကိုဗစ်ကူးစက်နေဆဲ မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ကျဆင်း

ဦးသစ်ဆင်း(ဝါရှင်တန်ဒီစီ)
2021.09.30
ကိုဗစ်ကူးစက်နေဆဲ မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး ကျဆင်း မြန်မာကျပ် ၅ဝဝဝ တန် ငွေစက္ကူများကို ရေတွက်နေသည့် ဈေးဆိုင်ပိုင်ရှင်တစ်ဦး။
File Photo: Reuters

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ပြည်တွင်းအခြေအနေတွေ ဆိုးရွားလာနေခဲ့ပါတယ်။ စက်တင်ဘာ လဆန်းပိုင်းကစလို့ မြန်မာကျပ်ငွေ တန်ဖိုး ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး လောင်စာဆီနဲ့ စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်သွားခဲ့သလို ရွှေဆိုင် တွေနဲ့ ငွေလဲလှယ်ရေး လုပ်ငန်းတွေလည်း ဗုဒ္ဓဟူးနေ့ကစပြီး ပိတ်သွားခဲ့ကြပါတယ်။ တဖက်မှာလည်း ကိုရိုနာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှု အခြေအနေက ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ကျပ်ငွေတန်ဖိုး အတက်အကျကို စီးပွားရေး ပြဒါးတိုင်သဖွယ်၊ သတိကြီးကြီးနဲ့ စောင့်ကြည့်နေတာမို့ လက်ရှိအခြေအနေဟာ သူတို့အတွက် စိုးရိမ်စရာဖြစ်ပါလိမ့်မယ်လို့ ICG ခေါ် နိုင်ငံတကာ အကြပ်အတည်းဆိုင်ရာအဖွဲ့က မြန်မာ့အရေးကျွမ်းကျင်သူ Richard Horsey က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ အ‌ကြီးအကျယ်လိုအပ်လာနေပြီး ငွေကြေးတန်ဖိုး မတည်မငြိမ်ဖြစ်လာတဲ့အတွက် ငွေလဲလှယ်ရေး လုပ်ငန်းတချို့  ခေတ္တယာယီ ပိတ်သွားခဲ့ကြတာပါ။ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်၊ အင်္ဂါနေ့က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၉၅ ကျပ်နှုန်း ပေါက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ ၁၆၉၅ ကျပ် ဖြစ်ခဲ့ပါ တယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ တဒေါ်လာကို ကျပ်ငွေ ၂၇၀၀ နှုန်း ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ဒီနှစ်အတွင်း ၁၈ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိပြီး၊ ဒေသတွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ အကြီးအကျယ် ရင်ဆိုင်ရ ဆင်းရဲသူ ဦးရေလည်း မြင့်တက်လာမယ့် အခြေအနေမှာ ရှိကြောင်းပြောဆိုပါတယ်။ တဖက်မှာလည်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြသူတွေ လက်နက်စွဲကိုင်၊ တော်လှန်တိုက်ခိုက်တဲ့ အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးအခြေအနေ ပိုမိုဆိုးရွားလာလေ၊ မြန်မာ့ကျပ်ငွေတန်ဖိုးလည်း လျော့ကျလာလေပဲလို့ မြန်မာနိုင်ငံ အကြီးတန်း ဘဏ်အရာရှိတစ်ဦးကပြောပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံအနေနဲ့ ကိုရိုနာ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရသလို ကျန်းမာရေးဝန်ထမ်းအများအပြားကလည်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်နေကြတာပါ။ ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်နေပေမယ့် ဘယ်လောက်အထိ မြင့်မားနေသလဲဆိုတာ အတိမကျ မသိရဘဲ ဖြစ်နေပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် လအနည်းငယ်အတွင်း ဘဏ်တိုက်တွေရှေ့မှာ စုဆောင်းငွေ ထုတ်ယူဖို့ တန်းစီနေကြသူတွေ များပြားခဲ့ပါတယ်။ တချို့လည်း ရွှေဝယ်ထားကြသလို တချို့လည်း ရှိတဲ့ရွှေတွေ ထုတ်ရောင်းနေကြကြောင်း ရတနာ ကုန်သည် တစ်ဦးက ပြောပါတယ်။

2021-05-14T050233Z_1165290087_RC2SEN9BCAPQ_RTRMADP_3_MYANMAR-POLITICS-ECONOMY.JPG
၂ဝ၂၁ ခုနှစ် မေလက ရန်ကုန်မြို့က ဘဏ်တစ်ခုရှေ့တွင် ငွေသားထုတ်ယူရန် စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ်။ (Photo: Reuters)

နိုင်ငံတော် ဟိုဘဏ်ကတော့ ဒီလအစောပိုင်းက ကျင့်သုံးခဲ့တဲ့ အခြေအနေအရ ဆုတ်သာတက်သာအောင် မျှောလိုက်တဲ့အစီအစဉ် ဘာကြောင့် ကျင့်သုံးခဲ့တယ်ဆိုတာ ထုတ်ဖော်မပြောဆိုပေမယ့် လေ့လာသူတွေကတော့ ဘဏ်အနေနဲ့ နိုင်ငံခြားငွေ ဆိုးဆိုးရွားရွား ပြတ်တောက်သွားခဲ့ဖွယ်ရှိကြောင်း ပြောဆို ကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက် တချို့အရကတော့ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ အရန်ငွေ အမေရိကန်ဒေါ်လာ ၇.၆၇ ဘီလျံသာ ကျန်ရှိကြောင်း သိရပါတယ်။

ဗဟိုဘဏ်ဟာ စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ၊ အမေရိကန်ဒေါ်လာ ၆၅ သန်းဖိုး မြန်မာကျပ်ငွေ ဝယ်ယူခဲ့ရာမှာ တစ်ဒေါ်လာကို ကျပ်ငွေ ၁၇၅၀ ၊ ၁၇၅၅ ကျပ်နှုန်းနဲ့ ဝယ်ယူခဲ့ပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံမှာ ကိုရိုနာ ကိုဗစ်ကပ်ဘေးကြောင့် လာမယ့်လတွေအတွင်း ဆင်းရဲသားပြည်သူအများ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး လူမှုရေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံကြိုက်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က သတိပေးလိုက်ပါတယ်။

အထူးသဖြင့် မိသားစုဝင်ငွေရဲ့ ၇၀ ရာနှုန်းကို ရိက္ခာနဲ့ တခြားလိုအပ်တာတွေအတွက် သုံးစွဲနေရတဲ့ အိမ်ထောင်စုတွေဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြန်တာကြောင့် နိုင်ငံရဲ့အလားအလာဟာ မျှော်မှန်းမရအောင် ဖြစ်သွားခဲ့ရကြောင်း ဒါ့ပြင်ကိုဗစ်ကပ်ဘေးကြောင့် အိမ်ထောင်စု ၈၀ ရာခိုင်နှုန်းရဲ့ ဝင်ငွေ ၅၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးသွားရဖွယ်ရှိကြောင်း WFP အရာရှိတစ်ဦး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။