ရှမ်းပြည်မြောက်ပိုင်းမှာ ကိုဗစ်ကူးစက်ခံရသူ ၇ဝဝ နီးပါး ရှိနေ

ဇွန်လ ၈ ရက်ကနေ ၂၈ ရက်နေ့ အထိ ရက်၂၀ အတွင်း လားရှိုးအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၀၀ နီးပါး ရှိလာနေပြီလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

ဇွန်လ ၈ ရက်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကပ်ရောဂါပိုးရှိသူကို စတွေ့ခဲ့ပါတယ်။ ဇွန်လ ၂၈ ရက်နေ့အထိဆိုရင် လားရှိုးမြို့အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်(၁၄) ခုမှာ ကိုဗစ်ရောဂါ အတည်ပြုလူနာ ၇၀၀ နီးပါး ရှိလာနေပါပြီ။ ပိုးတွေ့သူများလာလို့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ ကိုးကန့် ဒေသ လောက်ကိုင်မြို့တွေကို နေအိမ်မှာပဲ နေထိုင်ရေး Stay at Home မြို့တွေအဖြစ် စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ လားရှိုးမြို့က မိုးလုံလေလုံ အားကစားကွင်းခန်းမကြီးဟာ အခုဆိုရင် ကိုဗစ်ရောဂါပိုးတွေ့သူတွေကို ထားမယ့် ယာယီဆေးရုံဖြစ်လာနေပါပြီ။

coronavirus.jpg
လားရှိုးမြို့က ကိုဗစ်ရောဂါပိုးတွေ့သူတွေကို ထားမည့် မိုးလုံလေလုံ အားကစားခန်းမ ယာယီဆေးရုံ အတွင်းပိုင်း မြင်ကွင်းကို ဇွန်လ ၂၅ ရက်နေ့က မြင်တွေ့ရစဉ်။ (Photo: Citizen Journalist)


ဇွန်လ ၈ ရက်နေ့က စလို့ လားရှိုးမြို့ ပုဂ္ဂလိကဆေးရုံတစ်ခုကနေ ကိုဗစ်ရောဂါပိုးရှိသူ စတင်တွေ့တာကနေ ဇွန်လ ၂၈ရက်နေ့မှာဆိုရင် လားရှိုးတစ်မြို့တည်းမှာတင် ပိုးတွေ့သူ ၃၀၀ ကျော်ရှိသွားပြီ ဖြစ်ပြီး လားရှိုးပြည်သူ့ဆေးရုံကြီး ရောဂါကြပ်မတ်ကုဆောင်တွေမှာ နေရာမရှိတော့တာကြောင့် အခုလို မိုးလုံလေလုံ အားကစားကွင်းနေရာကို ပြောင်းရွှေ့လိုက်တာလို့ လားရှိုးမြို့အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယာယီဆေးရုံမှာ အမျိုးသား ၁ဝဝ ဦး၊ အမျိုးသမီး ၁ဝဝ ဦး စုစုပေါင်း လူဦးရေ နှစ်ရာကို လက်ခံမှာဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့ညနေပိုင်းမှာ ရောဂါပိုးတွေ့ရှိသူ ငါးဆယ်လောက်အထိကို လက်ခံကုသပေးနေပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ရောဂါဟာ စတင်ဖြစ်ပွားချိန်မှာ လည်ချောင်းနာတာ ကိုယ်လက်တွေကိုက်ခဲတာကနေစတင်ဖြစ်ပွားပြီး သုံးရက်လောက်နေရင် အနံ့ပါ မရတေ့ာတဲ့အခြေအနေဖြစ်လာတယ်လို့ ကိုဗစ်ကြောင့်လားရှိုးဆေးရုံမှာ တက်ရောက်ကုသခဲ့ရတဲ့ မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။အဲ့ဒီအမျိုးသမီးဟာ လားရှိုးမှာ ကိုဗစ်ရောဂါ စတင် ဖြစ်ပွားချိန် မိသားစုအလိုက် ဆေးရုံတက်ကုသခဲ့ကြရတာဖြစ်ပြီး လက်ရှိမှာတော့ ရောဂါသက်သာလို့ ဆေးရုံက နေဆင်းခွင့်ရပြီလို့ ပြောပါတယ်။

နောက်ပိုင်း လူနာတွေ များလာတဲ့အချိန်မှာ သွေးပေါင်ချိန် တိုင်းတာတွေကို လူနာအချင်းချင်းကပဲ လုပ်အားပေးအဖြစ် ချိတ်ဆက်ဆောင်ရွက်ပေးကြရတယ်လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းအင်အား အားနည်းတာကြောင့် လူနာသုံးဆယ်လောက်ကို ကျန်းမာရေးဝန်ထမ်း သုံးဦးနှုန်းနဲ့ ဝန်ဆောင်မှု ပေးနေရပေမယ့် လူနာတွေ တိုးလာရင်တော့ ဝန်ထမ်းတွေ အခက်အခဲရှိလာနိုင်တယ်လို့ လူနာတွေကို ကုသပေးနေတဲ့ လားရှိုးမြို့က အမည်မဖော်လိုတဲ့ သူနာပြုဆရာမတစ်ဦးက ပြောပါတယ်။

ရောဂါဖြစ်သူတွေ တိုးလာတဲ့အတွက် ဇွန်လ ၂၇ရက်နေ့က စလို့ လားရှိုးမြို့ကို နေအိမ်တွင်းမှာသာ နေထိုင်ရေး(Stay at home) အဖြစ် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ပါတယ်။ ဒီလိုသတ်မှတ်လိုက်ပြီး ဈေးတွေ၊ကျောင်းတွေကို ပိတ်ထားလိုက်သလို စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းဖို့ ညွှန်ကြားထားပါတယ်။

lashio-covid.jpg
လားရှိုးမြို့မှာ အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို ဇွန်လ ၁၉ ရက်နေ့က မြင်တွေ့ရစဉ်။(Photo: Cotizen Journalist)


ဒါပေမဲ့ လားရှိုးမြို့တွင်းမှာတော့ လူသွားလူလာတွေ စည်ကားနေဆဲဖြစ်ပြီး နှာခေါင်းစည်းမတပ်တာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုက်နာမှု အားနည်းတာကြောင့် ရောဂါကူးစက်ခံရသူ ပိုတိုးလာမှာကို စိုးရိမ်နေရတယ်လို့ လားရှိုးမြို့၊ လူမှုကူညီရေးအသင်းတွေနဲ့ဖွဲ့ထားတဲ့ ကိုဗစ်-၁၉ Operation Team တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုယက္ခ ကပြောပါတယ်။

လတ်တလောမှာ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့တွေက ရှိတဲ့ အင်အားနဲ့ ဆောင်ရွက်နေရပြီး ပြည်သူတွေဘက်ကလဲ ပူးပေါင်းတဲ့အနေနဲ့ နေအိမ်ထဲမှာပဲနေဖို့ တောင်းဆိုလိုတယ်လို့ သူကပြောပါတယ်။

လားရှိုးက ပိုးတွေ့သူတွေနဲ့ ဆက်စပ်ပြီး တရုတ်နယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ ဇွန်လ ၁၆ ရက် ကနေ ၂၆ ရက်အတွင်း ပိုးတွေ့လူနာ ၁၁ဝ ကျော် ရှိခဲ့တဲ့အတွက် အခုလ ၂၇ရက်နေ့ကစလို့ ကျန်းမာရေးဌာနက နေအိမ်မှာ နေထိုင်ရေး stay at home အဖြစ် သတ်မှတ်ထားပါတယ်။

နောင်ချိုနဲ့ သီပေါမြို့တွေမှာလည်း ပိုးတွေ့လူနာသစ်တွေ ထပ်တိုးလာနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ သီပေါမှာဆိုရင် မနေ့က ပိုးတွေ့လူနာ သုံးဦး ထပ်တွေ့ခဲ့ပြီး ရောဂါရှိသူထပ်တိုးလာနိုင်တဲ့ အခြေအနေရှိတယ်လို့ လူနာတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ သီပေါနယ်စည်းမခြား ပရဟိတအသင်းဝင် ကိုမျိုး က ပြောပါတယ်။

နောင်ချိုမြို့မှာဆိုရင်လည်း မနေ့ကမနက်ပိုင်ကး လူဦးရေ ၆ဝ ကျော်ကို စစ်တာမှာ ၂၃ ဦးပိုးတွေ့ခဲ့ပြီး နှစ်ရက်ပေါင်း ပိုးတွေ့လူနာ ၄ဝ ကျော် ရှိခဲ့တယ်လို့ လူနာတွေကို ကူညီပေးနေတဲ့ နောင်ချိုမြို့ သဖန်းကိုင်းလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လောလောဆယ် နောင်ချိုတမြို့ထဲမှာ ပိုးတွေ့လူနာ နှစ်ရာနီးပါး ရှိလာပြီလို့ဆိုပါတယ်။

ဇွန်လ ၈ ရက်ကနေ ဇွန်လ ၂၈ရက် နေ့အထိ ရှမ်းပြည်မြောက်ပိုင်းက တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ မူဆယ်နဲ့ ကိုးကန့်ဒေသ လောက်ကိုင်အပါအဝင် မြို့နယ် ၁၄ ခု မှာ ဇွန်လ ၂၈ ရက်နေ့အထိ ပိုးတွေ့လူနာ ၇ဝဝ နီးပါး ရှိလာနေပြီး သေဆုံးသူ ၁ဝ ဦးအထိ ရှိလာပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။

000_1RF322.jpg
ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်း စတင်ချိန်က တရုတ်-မြန်မာနယ်စပ်က ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများ။(File Photo: AFP) (PHYO MAUNG MAUNG/AFP)

ကိုဗစ်ရောဂါဖြစ်ပွားမှု တိုးလာနေတာကို ကူညီဖြေရှင်းနေတဲ့ ကျန်းမာရေးအင်အားစုတွေရှိတယ်ဆိုပေမယ့် အရင် NLDအစိုးရ ကာလတုန်းက ကြုံခဲ့တဲ့ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာလို ကျန်းမာရေး ဝန်ထမ်းတွေ စေတနာရှင်တွေ ပရဟိတတွေ အင်အားကောင်းကောင်းနဲ့ လှုပ်ရှားဆောင်ရွက်တာမျိုးတော့ မတွေ့ရပါဘူး။ ကိုဗစ်ဖြစ်ပွားမှု နောက်ဆုံးအခြေအနေတွေကို သိနိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တားဆီးရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို RFA က ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေကြားမှု မရှိပါဘူး။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ဇွန်လ ၂၈ ရက်ညပိုင်း ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာသစ် ၁၂၂၅ ယောက်ရှိပြီး သေဆုံးသူ ၁၂ ယောက်ထပ်တိုးလို့ စုစုပေါင်း ကိုဗစ်ရောဂါကြောင့် သေဆုံးသူ မြန်မာနိုင်ငံမှာ ၃၃၀၉ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။