ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် မနေ့က ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဒီနေ့ ဇူလိုင်လ ၂၀ ရက် မနက်ပိုင်းအထိ သေဆုံးသူ ၁၅ ဦးအထိရှိနေတယ်လို့ ရခိုင်ပြည်နယ်က ကိုဗစ်ကြောင့် သေဆုံး၊ ကူးစက်မှု နောက်ဆုံးအခြေအနေတွေကို ထုတ်ပြန်ပေးနေတဲ့ Rakhine Covid-19 Watch အဖွဲ့က RFA ကို ပြောပါတယ်။
မနေ့က သေဆုံးသွားသူတွေဟာ တောင်ကုတ်မြို့မှာ သုံးဦး၊ စစ်တွေမြို့မှာ ငါးဦး၊ ပေါက်တောမြို့မှာ တစ်ဦး၊ မာန်အောင်မြို့မှာ တစ်ဦးနဲ့ ကျောက်ဖြူမြို့မှာ နှစ်ဦးဖြစ်ပြီး အဲဒီအထဲမှာ စစ်တွေမြို့နယ် ဝါဘိုကျေးရွာက ဆရာတော်တစ်ပါးနဲ့ စစ်တွေမြို့ပေါ်က ဆရာတော်တစ်ပါးလည်း ပါဝင်ပါတယ်။
ဒီနေ့မနက်က သေဆုံးသူ သုံးဦးကတော့ စစ်တွေမြို့က နှစ်ဦးနဲ့ ကျောက်တော်မြို့က တစ်ဦးဖြစ်ပြီး စစ်တွေ ဆေးရုံကြီးမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်ရပ်စ် တတိယလိုင်းအဖြစ် ပြီးခဲ့တဲ့ မေလကစလို့ တွေ့ရှိခဲ့တာဖြစ်ပြီး အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူတွေ၊ သေဆုံးသူတွေဟာ နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
Rakhine Covid-19 Watch ကပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ ဒီနေ့မနက်ပိုင်းအထိ ၅၇ ဦးအထိရှိနေပါတယ်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့စာရင်းတွေမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ မနေ့က ဇူလိုင် ၁၉ ညနေ ၅ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ သေဆုံးသူ ၄၇ ဦးနဲ့ ကူးစက်ခံရသူ ၁၅၅၁ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။