ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးနှုန်းရော ကူးစက်နှုန်းပါ သိသိသာသာထိုးကျ

စောဖိုးခွား (ဝါရှင်တန် ဒီစီ)
2021.08.15

စစ်ကိုင်းတိုင်းထဲက ကလေးမြို့ဟာ Covid 19 ကြောင့် သေဆုံးနှုန်းရော ကူးစက်နှုန်းတွေပါ အများဆုံးရှိခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်စပြီး ဇူလိုင်လကုန်ပိုင်းလောက်ထိ အချိန်ကာလ တွေဟာ အဆိုးဆုံးဖြစ်ခဲ့ပြီး တစ်နေ့ကို လူနှစ်ဆယ်ကနေ ၄၀ လောက်ထိ နေ့တိုင်းသေဆုံးခဲ့ရပါတယ်။

သုံးလအတွင်းမှာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းလောက်က စပြီး သေဆုံးမှုနှုန်းတွေ လျော့နည်းလာတာဖြစ်ပြီးတော့ ဇူလိုင်လကုန်ကနေ အခု သြဂုတ်လလယ်ပိုင်းအထိ သေဆုံးသူ ၁၀၇ ယောက်ပဲရှိတော့တာကြောင့် သေဆုံးရာခိုင်နှုန်း သိသိသာသာကျသွားတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

ကူးစက်မှုနှုန်းတွေလည်း ကျသွားပြီး အရင်က ရာဂဏန်းလောက်ဖြစ်ခဲ့ရာက အခု တစ်ရက်ကို လေးငါးခြောက် ယောက် ပဲရှိတော့တယ်လို့ ဒေသခံနာရေးလူမှုရေးအသင်း ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးဗျက်ကာက ပြောပါတယ်။

“သြဂုတ်လမှာတော့ သိပ်မဖြစ်တော့ဘူး။ ဇွန်လမှာ ခြောက်ရာဝန်းကျင်လောက် ဖြစ်တယ်။ ဇူလိုင်မှာ ခြောက်ရာကျော်လောက် ဖြစ်တာပေါ့နော်၊ အခုဆိုရင် အကျပိုင်းပေါ့နော် တစ်ရက်မှာ လေးငါးခြောက် ယောက်လောက်ပဲ ဖြစ်တော့တယ်”

ဆုံးသွားတဲ့သူတွေက ဒီသေဆုံးသူတွေဟာ မြို့ပေါ် ခရစ်ယာန် သင်္ချိုင်းနဲ့ ဗုဒ္ဓ ဘာသာသင်္ချိုင်းက သေဆုံးတဲ့ လူဦးရေဖြစ်ပြီးတော့ ကျေးလက်က သေဆုံးသူတွေ စာရင်းမပါသေးဘူးလို့လည်း သူက ဆိုပါတယ်။

လက်ရှိကလေးမြို့မှာ ပိုးကူးစက်နှုန်းနဲ့ သေဆုံးနှုန်းတွေ ကျဆင်းသွားပေမယ့် အတည်ပြုလူနာပေါင်း တစ်ထောင့်ငါးရာလောက်တော့ ရှိနေသေးတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

အိတ်စွပ် ကိုဗစ်ကုသရေးစင်တာ၊ တိုင်ရင်းဆေး ကုသရေးစင်တာ၊ အားမာန် ကိုဗစ်ကုသရေးစင်တာ တို့မှာ အဲဒီအတည်ပြုလူနာတွေထဲက တချို့ကို လက်ခံကုသပေးနေတယ်လို့ စင်တာတွေမှာ အကူအညီပေးနေတဲ့ သူတွေက ပြောပါတယ်။

အဲဒီစင်တာတွေမှာ အတည်ပြုလူနာပေါင်း တစ်ရာလောက်ကိုသာ လက်ခံကုသပေးနိုင်ပြီး အများစုဟာ ကိုယ့်နေအိမ်တွေမှာပဲ ကုသခံယူနေရသူတွေက ပိုများတယ်လို့ ပြောကြပါတယ်။

ကလေးမြို့ဆေးရုံမှာဆိုရင်လည်း ကျန်းမာရေးလုပ်သားတွေ မလုံလောက်တာကြောင့် လက်ခံကုသပေးနိုင်ခြင်း မရှိကြဘဲ စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားတွေက နေအိမ်တွေအထိ လိုက်လံကုသပေးနေတာတွေ ရှိပါတယ်။

"အခုဆိုရင် အကျပိုင်းပေါ့နော် တစ်ရက်မှာ လေးငါးခြောက် ယောက်လောက်ပဲ ဖြစ်တော့တယ်”

ခုလိုစေတနာ့ဝန်ထမ်းတွေ၊ နာရေးအတွက် ကူညီပေးနေသူတွေနဲ့ အောက်ဆီဂျင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေကြတဲ့ ပရဟိတကူညီပေးနေသူတွေနဲ့ ဒေသခံတွေကိုယ်တိုင်က Covid 19 ရောဂါ ကူးစက်မခံရအောင် လိုက်နာကျင့်ကြံနေထိုင်ကြတာတွေကြောင့် ကူးစက်မှုနှုန်းတွေ၊ သေဆုံးနှုန်းတွေ က ကျဆင်းလာရတာလို့လည်း ပြောကြပါတယ်။

လက်ရှိမှာတော့ ကလေးမြို့ပေါ်က အတည်ပြုလူနာဦးရေ တစ်ထောင့်ငါးရာခန့်အတွက် အောက်ဆီဂျင် လိုအပ်ချက်ကတော့ ဆက်ရှိနေသေးတယ်လို့ ကလေးမြို့အခြေစိုက်တဲ့ အောက်ဆီဂျင် ဖြန့်ဝေးပေးနေတဲ့ ပရဟိတအသင်းတွေက ပြောပါတယ်။

အောက်ဆီဂျင် ရှာဖွေရတာနဲ့ပတ်သက်ပြီး ကိုဗစ်အတည်ပြုလူနာရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးကျော်စိုးလင်း က RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့လူနာဆို သူကကျတော့ ပိုက်က ဆယ့်ငါးလီတာပေါ့နော် အားလုံး အဲလိုပေးရတဲ့အခါကြတော့ အောက်ဆီဂျင်က တစ်ရက်တစ်ရက်ကို လေးဗူးလောက်ကုန်တယ်၊ လေးဆယ် လီတာပေါ့ အဲဒီ လေးဆယ် လီတာက တစ်ဗူးကိုဆိုရင် နှစ်သောင်းလေးထောင် ပေးရတယ်။ သူရဲ့ကုန်ကျစရိတ်က တစ်ရက်တစ်ရက် ကို တစ်သိန်းဝန်းကျင်လောက် ကုန်တယ်။ အဲဒါနောက်ပြီးတဲ့အခါကျတော့ သူမှာဆိုရင် ကြားထဲမှာပေါ့ စက်ကလည်း ငှားထားရတယ်။ ၁၀ လီတာ ငှားထားရတယ်။ ဒါကလဲ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ် မှုအရပေါ့နော်၊ ၁ဝ လီတာရဖို့က ခက်ခဲတယ်။ အဲဒီတော့ ကျနော်ဆိုလို့ရှိရင် နှစ်လုံးယူထားရတယ်။ ဒါကြောင့်မို့ တစ်ရက် တစ်ရက်တွက်မယ်ဆို ဗူးကြီးကို ရှစ်ဗူးလောက် ကုန်တယ်။ ကျနော်တို့ အခုချိန်ထိ ခက်ခဲနေတုန်းပါပဲ”

လက်ရှိ ကလေးမြို့မှာ ဒေသခံတွေက စုပေါင်းလှူဒါန်းဆောက်လုပ်ထားတဲ့ အောက်ဆီဂျင်စက်ရုံနဲ့ စက်မှုဇုံကထွက်တဲ့ အောက်ဆီဂျင်အလုံးရေ တစ်ရာကျော်ခန့်ကို အားကိုးနေရတယ်လို့ ဆိုပါတယ်။

covid-kale.jpeg
(စစ်ကိုင်းတိုင်း ကလေးမြို့က ကျန်းမာရေးဝန်းထမ်းတွေကို တွေ့ရစဉ် Photo: Chin World)

ဒါပေမဲ့လည်း လက်ရှိလူနာတွေနဲ့ လောက်ငှမှုမရှိတာကြောင့် မန္တလေး၊ မုံရွာနဲ့ တောင်ကြီးမြို့တွေအထိ သွားယူနေရတယ်လို့ အောက်ဆီဂျင်သယ်ယူပေးနေတဲ့ ပရဟိတ ကားသမားတွေထဲက ကိုမောင်စိုးက ပြောပါတယ်။

“ကျနော်တို့ လမ်းခရီးကတော့ အခက်ခဲတော့ မရှိပါဘူး။ လာရတာ စောင့်ကတာ အခု မန္တလေးမှာ စစောင့်တာပေါ့နော် မန္တလေးမှာက ခုနှစ်ရက်ကို သွားတန်းစီရတယ်။ တစ်လုံးမှမရလို့ အခုတောင်ကြီးကို လာခဲ့တာ၊ တောင်ကြီးကိုလာတော့လဲ တစ်လပြည့်သွားပြီ အခု အိုးငါးဆယ်လောက်ပဲ ရသေးတယ်”

ကလေးမြို့မှာတော့ ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးမှုလျော့ကျလာပေမယ့် ပြည်သူတွေအနေနဲ့ ပေါ့ဆမနေဘဲ ကိုဗစ်စည်းကမ်းတွေကို ဆက်လိုက်နာဖို့လိုတယ်လို့ ပရဟိတ အသင်းအဖွဲ့တွေ တိုက်တွန်းထားပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့ ညရှစ်နာရီအချိန်အထိ ကိုဗစ်အတည်ပြုလူနာသစ် ၃၄၁၉ ဦး နောက်ထပ် သေဆုံးသူ ၁၉၉ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ ပြီးခဲ့တဲ့လတွေတုန်းက ကိုဗစ်ကြောင့် နေ့စဉ် တစ်နေ့ကို သေဆုံးရတဲ့သူ ၃၀၀ ကျော်အထိရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ သြဂုတ်လ ၅ ရက်နောက်ပိုင်းကစပြီး သေဆုံးတဲ့သူ ၃၀၀ အောက် ရောက်လာတာကြောင့် ကိုဗစ်ကြောင့် သေဆုံးနှုန်းတွေ ကျဆင်းလာတယ်လို့ ဆိုနိုင်ပါတယ်။

လက်ရှိ မြေပြင်မှာ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်စာရင်းတွေနဲ့ မြေပြင်က စာရင်းတွေ အများကြီး ကွဲလွဲနိုင်တယ်လို့ ထောက်ပြနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။