နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက အမှုသုံးမှုကို နောက် တစ်ပတ် တနင်္လာနေ့ ဇန်နဝါရီ ၁၀ ရက်မှာ အပြီးသတ်အမိန့်ချမယ်လို့ ဒီနေ့ တရားရုံးက ဆုံးဖြတ်လိုက်တယ် လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဇန်နဝါရီ ၃ ရက်ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ စွဲဆိုထားတဲ့အမှုအတွက် နှစ်ဖက်လုံးက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြ ပါတယ်။
ဒီအမှုဟာ လွန်ခဲ့တဲ့ ၂၀၂၀ သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်ကိုလာစဉ် လူစုလူဝေးဖြစ်ခဲ့လို့ ကိုဗစ်စည်းကမ်းနဲ့ မညီဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရတဲ့အမှု ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်ကတည်းက အမိန့်မချဖြစ်ဘဲ ရုံးချိန်းနှစ်ခါ ရွှေ့ဆိုင်းခဲ့တဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ - ၈ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၇ အမှုနှစ်ခုကိုလည်း လာမယ့် ဇန်နဝါရီ ၁၀ ရက်မှာ အမှု သုံးမှုပေါင်းပြီး အမိန့်ချလိမ့်မယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ - ၈ ဟာ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်နဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ - ၆၇ ဟာ အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်ထိ ချမှတ်နိုင်တဲ့ပုဒ်မတွေ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ကတော့ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင် တဲ့ပုဒ်မ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရပြီး သဘာဝဘေးစီမံ ဥပဒေပုဒ်မ - ၂၅ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အမှုတွေ အတွက် ဒီဇင်ဘာ ၆ ရက်က ထောင်ဒဏ် လေးနှစ် ချမှတ် ခံထားရပြီး စစ်ကောင်စီက နှစ်နှစ် ပြန်လျှော့ပေးထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ အဂတိအမှုနှစ်ခုနဲ့လည်း ထပ်တိုး တရားစွဲဖို့ စစ်ကောင်စီဘက်က စီစဉ်နေရာ အဲဒီနှစ်မှုပါ ထပ်တိုးတရားစွဲခံရရင် အမှုပေါင်း ၁၃ မှုအထိရှိလာမှာ ဖြစ်ပါတယ်။
အမှုတွေအားလုံးကို စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း နှစ်ပေါင်းတစ်ရာကျော် ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။