လွတ်မြောက်လာသူ ကိုဒီငြိမ်းလင်းကို နောက်ထပ် အမှုဖွင့်
2013.12.13

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာလက ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ရာမှာ ပါဝင်ခဲ့တဲ့အတွက် ကိုဒီငြိမ်းလင်းကို ဒီကနေ့ ဒဂုံမြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်လိုက်ပါတယ်။
ဒီနေ့မနက်က သူ့ရဲ့အိမ်ကို ဒဂုံရဲစခန်းက အကြောင်းကြားစာလာပို့သွားတယ်လို့ ကိုဒီငြိမ်းလင်းက ပြောပါတယ်။
“ကျနော့်အိမ်ကိုတော့ ဒဂုံမြို့နယ်ရဲစခန်းက ဒုရဲအုပ်လာပြီးတော့ပြောတယ်၊ ပုဒ်မ ၁၈ နဲ့ ပြန်ပြီးတော့ တရားစွဲထားတယ်ပြောတယ်ခင်ဗျ၊ ၁၆ ရက်နေ့မှာ တရားရုံးမှာရင်ဆိုင်ရလိမ့်မယ်”
ကိုဒီငြိမ်းလင်းအပါအဝင် ဆန္ဒပြရာမှာပါဝင် ခဲ့တဲ့ ခေါင်းဆောင် ၆ ယောက်ကို ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံမြို့နယ်တရားရုံးတို့က နိုဝင်ဘာလမှာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၁ လချမှတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ကိုဒီငြိမ်းလင်းဟာ လာမယ့် ဒီဇင်ဘာ ၁၆ရက်နေ့ ဒဂုံမြို့နယ်တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ အမှုကို ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။