လဝက ဝန်ထမ်းများကို တိုက်ခိုက်ခဲ့သူများ စစ်တွေတရားရုံးမှာ အမှုစစ်ဆေး
2013.05.24

ပြီးခဲ့တဲ့ ဧပြီလက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ မွတ်စလင် လူဦးရေစာရင်းကောက်ခံစဉ် လဝက ဝန်ထမ်းတွေကို ထိခိုက်ဒဏ်ရာရတဲ့အထိ ခဲတွေနဲ့ ပစ်ပေါက်ခဲ့သူတွေထဲက ဦးဆောင်သူတွေလို့ ယူဆရသူ ၇ ဦးကို စစ်တွေခရိုင်တရားရုံးမှာ မနေ့က ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ဦးစီးမှူး ဦးရန်အောင်မြင့်က တရားလိုပြုလုပ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ- ၁၄၈ ရုန်းရင်းဆန်ခတ်ပြုမှု၊ ၃၃၂ ၊ ၃၃၃ ဝတ္တရားနှောင့်ယှက်မှု၊ ၃၉၅ ဓားပြမှု၊ ၅၀၆ ခြိမ်းခြောက်မှု၊ ၁၁၄ အားပေးကူညီမှု စတာတွေနဲ့ အမှုဖွင့်တရားစွဲဆိုထားတာဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က RFA ကိုပြောပါတယ်။
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မွတ်စလင် လူဦးရေစာရင်းကို အတိအကျသိရှိနိုင်ဖို့ ဆွဲ၊ တင်၊ စစ် လို့ခေါ်တဲ့ ပထမအဆင့် နေထိုင်ရာနေရာတွေကို မြေပုံရေးဆွဲပြီး လူဦးရေမှတ်တမ်းတင်ခြင်း စတဲ့အဆင့်တွေနဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးကို ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့ကစတင်ပြီး မေလ ၁၅ ရက်နေ့အထိ နိုင်ငံတော်စီမံချက်အနေနဲ့ တစ်ပြိုင်နက်တည်းဆောင်ရွက်ခဲ့ပါတယ်။
အဲသည်လို လူဦးရေစာရင်းကောက်ခံရာမှာ စစ်တွေမြို့နယ်အတွင်းက မွတ်စလင် ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပေးဖို့တောင်းဆိုပြီး စစ်ဆေးရေးအဖွဲ့ဝင်တွေကို စခန်းတွင်းဒုက္ခသည်တွေက ခဲတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကာ စစ်ဆေးရေးအဖွဲ့ဝင်တချို့လည်း ဆေးရုံတက်ရတဲ့အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီအမှုကို လာမယ့်ဇွန်လ ၆ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။