ရန်ကုန်က လူငယ်ခုနစ်ဦးကို ဘဏ်ဓားပြမှုနဲ့ ထောင် ၁၀ နှစ်စီချ

2022.01.28
ရန်ကုန်က လူငယ်ခုနစ်ဦးကို ဘဏ်ဓားပြမှုနဲ့ ထောင် ၁၀ နှစ်စီချ ထောင် ၁၀ နှစ်ချခံရတဲ့ လူငယ်တွေကို တွေ့ရစဥ်
Photo: Citizen Journalist
ရန်ကုန်မြို့ တောင်ဥက္ကလာရပ်ကွက်မှာရှိတဲ့ ကမ္ဘာ့ရတနာဘဏ်ကို ဓားပြတိုက်မှုနဲ့ ပတ် သက်လို့ ရန်ကုန်မြို့က လူငယ် ခုနစ်ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ ထောင် ဒဏ် ၁၀ နှစ်စီ မနေ့က အမိန့်ချလိုက်တယ်လို့ လူငယ်တွေရဲ့ ရှေ့နေဖြစ်သူတစ်ဦးက RFA ကို ပြောပါတယ်။
 
“တရားရုံးဘက်က ပြောတာကတော့ တရားခံ အားလုံး ခုနစ်ယောက်ပေါ့။ မနေ့က အဲဒီ ခုနစ်ယောက်စလုံးကို ရာဇသတ်ကြီး ပုဒ်မ - ၃၉၅ နဲ့ ဘဏ်ဓားပြမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ဆိုပြီးတော့ အမိန့်ချလိုက်တယ်။ ချုပ်ရက်ကိုတော့ ပြစ်ဒဏ်ကနေ ထုတ်နုတ်ခံစားခွင့်ပြုတယ်။ သူတို့တွေက တော်တော်ငယ်သေးတယ်။ အသက်အကြီးဆုံး မှ ၂၅ နှစ်ပဲရှိသေးတယ်”လို့ ရှေ့နေက ပြောပါတယ်။
 
ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတဲ့ လူငယ်တွေကတော့ တက္ကစီယာဉ်မောင်း ကိုလင်းလင်း ထိုက်၊ ကိုဖြိုးဟိန်းကျော်၊ မဝင်းထက်မာ (ခ) အမာ၊ ကိုကျော်ဇင်လင်း၊ ကိုသူရအောင်၊ ကိုဝင်းထိုက်ကိုကို၊ ကိုမင်းဟိန်းသူတို့ဖြစ်ပါတယ်။
 
သူတို့ ခုနစ်ဦးထဲက ကိုလင်းလင်းထိုက်နဲ့ ကိုဖြိုးဟိန်းကျော်တို့ နှစ်ဦးကလွဲရင် ကျန်လူငယ် ငါးဦးတို့ဟာ ဘုရင့်နောင် ကမ္ဘာ့ရတနာဘဏ် ဓားပြမှုအတွက် အနောက်ပိုင်းခရိုင်တရားရုံးမှာ ပုဒ်မ - ၃၉၅ နဲ့ပဲ အမှုဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ ရှေ့နေက ပြောပါတယ်။
 
“ခုခံချေပခွင့်တော့ရတယ်။ ဒါပေမဲ့ အမြန်စစ်ရတယ်။ တစ်ရက်ဆိုလို့ရှိရင် တရားခံ ခုနစ်ယောက်လုံးကို တစ်ရက်တည်း စစ်ချပစ်လိုက်တာ။ အဲဒီနေ့က မိုးချုပ်ခါနီးမှ ပြန်ရတယ်။ အမှန်ပုံမှန်အတိုင်းသွားမယ်ဆိုရင် တရားခံတစ်ယောက်က တစ်နေ့ပဲ စစ်ရမှာလေ။ တရားခံ ခုနစ်ယောက်လုံးစာရဲ့ ရှေ့နေတွေက အပြန်အလှန်တွေ မေးရမှာလေ။ အဲဒီအခွင့်အရေးတော့ ဆုံးရှုံးတယ်”
 
တောင်ဥက္ကလာ ကမ္ဘာ့ရတနာဘဏ်ဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဓားပြတိုက် ခံရတဲ့အတွက် ကျပ် ၁၈၅ သိန်း၊ ဘုရင့်နောင် ကမ္ဘာ့ရတနာဘဏ်ဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့မှာ ဓားပြတိုက်ခံရတဲ့အတွက် ငွေကျပ် ၁၁၇၉ သိန်းတို့ ပါသွားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။