တစ်ရက်တည်းမှာ လူ ၅၁ ယောက် သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ချမှတ်ခံရ

2021.11.25
တစ်ရက်တည်းမှာ လူ ၅၁ ယောက် သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ချမှတ်ခံရ ၂၀၂၁ နိုဝင်ဘာ ၂၃ ရက်နေ့မှာ စစ်ခုံရုံးက သေဒဏ်ချခဲ့တဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)နဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က လူငယ်တွေကို တွေ့ရစဥ်
Photo: Myawady

ရန်ကုန်တိုင်း တောင်ဒဂုံနဲ့ လှိုင်သာယာမြို့နယ်တွေက လူငယ်နဲ့ လူလတ်ပိုင်းအရွယ် ၅၁ ဦးကို နိုဝင်ဘာ ၂၃ ရက် တစ်နေ့တည်းမှာ စစ်ခုံရုံးအသီးသီးကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်းနဲ့ ထောင်ဒဏ်အနှစ် ၂၀ စီ အသီးသီးချမှတ်လိုက်တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကနေ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

NUG၊ CRPH၊ PDF တို့နဲ့ ဆက်သွယ်မှု၊ လူသတ်မှု၊ မိုင်းထောင်ဖောက်ခွဲမှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်လိုက်တာပါ။

သူတို့ထဲက ၂၁ ဦးကို တောင်ဒဂုံမှာ အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ရာအိမ်မှူးတစ်ဦးတို့ကို သေနတ်နဲ့ ပစ်သတ်တာ၊ ဒလန်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးတစ်ယောက်ကို သတ်ဖြတ်တာတွေကြောင့် ကြိုတင်ကြံရွယ်ပြီးလူသတ်မှု၊ ပူးပေါင်းကြံရွယ်လုပ်ဆောင်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂(၁) (ခ)/ ၃၄ နဲ့ သေဒဏ်အမိန့်ချမှတ်လိုက်တာ လို့  ဆိုပါတယ်။

နောက်ထပ် ၂၉ ယောက်ကတော့ လှိုင်သာယာမြို့နယ်မှာ အုပ်စုဖွဲ့အကြမ်းဖက်တိုက်ခိုက်မှု၊ တိုင်းရင်းသား နယ်မြေတွေမှာ သင်တန်းတက်ရောက်မှု၊ CRPH ၊ NUG နဲ့ PDF တို့ကို ငွေကြေးတွေ ထောက်ပံ့မှုဆိုတဲ့ စွပ်စွဲ ချက်နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၀(က) နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက် တာလို့ ပါရှိပါတယ်။

ကျန်တဲ့တစ်ဦးကိုတော့ ဒဂုံမြို့သစ်(တောင်ပိုင်း) သ/မ ဝန်း (၂၆)ရပ်ကွက်မှာ အရက်သေစာသောက်စားပြီး တစ်ရက်ကွက်ထဲနေသူနဲ့ စကားများ ရန်ဖြစ်ရာကနေ လူသတ်မှုကျူးလွန်ခဲ့တဲ့အတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၃၀၂(၂)  လူသတ်မှုနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်တာလို့ ဆိုပါတယ်။

RFA က ပြုစုထားတဲ့မှတ်တမ်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသူ အရင်က ၆၄ ဦးရှိခဲ့တာကြောင့် အခုဆိုရင် သေဒဏ်ချမှတ်ခံရသူ ပေါင်း ၈၅ ဦးအထိ ရှိပြီဖြစ်ပါတယ်။

စစ်တပ်အရာရှိတွေ ဦးဆောင်ဆုံးဖြတ်နေတဲ့ စစ်ခုံရုံးတွေရဲ့အမိန့်တွေဟာ တရားစီရင်ရေးရဲ့ အနှစ်သာရ ပျောက်နေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

"စစ်ခုံရုံးတွေမှာ ချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေကို ကြည့်လိုက်တဲ့အခါကျတော့ စွဲဆိုထားတဲ့ပုဒ်မရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေချည်းပဲချထားတာ ကျွန်တော်တို့တွေ့ရတယ်။ မီးရှို့မှုကို ထောင်ဒဏ်အနှစ် ၂၀ ချရမယ်ဆိုရင် အဲဒါကို ထောင်ဒဏ်အနှစ် ၂၀ အပြည့်ချတယ်။ လူသတ်မှုက သေဒဏ်ပြဋ္ဌာန်းထားတယ် ဆိုရင် ပါဝင်တဲ့သူအားလုံးဟာ သေဒဏ်ချမှတ်ခံရတယ်။ စွဲလာသမျှ လူတွေအားလုံးလည်း တစ်ယောက်မှ မလွတ်စေရ၊ ချလိုက်တဲ့ပြစ်ဒဏ်ကလည်း အဲဒီဥပဒေ အဲဒီပုဒ်မရဲ့ အမြင့်ဆုံးပြစ်ဒဏ် တပြေးညီချတယ် ဆိုတော့ ဒါကျတော့လည်း တရားစီရင်ရေးရဲ့ အခြေခံမူတွေ ပျောက်ကွယ်သွားတယ်။ ဒါတော့ မဖြစ်သင့် ဘူးလို့ ယူဆတယ်"

တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ကိုဇေယျာလွင် ကတော့ တရားမျှတမှုကို စစ်ခုံရုံးတွေ၊ တရားရုံးတွေမှာလည်း ရှာလို့ရမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒီသေဒဏ်ချတာတို့ တစ်သက်တစ်ကျွန်းချတာတို့ ဆိုတာက အဲဒီလူတွေက တကယ်ကျူးလွန်တာ ဖြစ်ချင်မှဖြစ်လိမ့်မယ်။ သူတို့ကို တမင်ဆွဲထည့်ပြီးတော့ ဒီဖြစ်စဉ်မှာ ဖမ်းဆီးပြီးတော့ အမိန့်ချတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာလို့ဆိုတော့ ဒီအချိန်မှာ ဒီတရားရုံးတွေကို ပြန်ပြီးတော့ ဝေဖန်ဆုံးဖြတ်နိုင်မှု စွမ်းအားမရှိတော့ဘူး။ ပြီးတော့ တရားရုံးတွေဆိုတာကလည်း စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ ရှိနေတဲ့အတွက် သူတို့အမိန့်ကို လွန်ဆန်ပြီးတော့ တရားမျှတစွာချလို့ရတဲ့နေရာမျိုး မဟုတ်ဘူး။ စစ်အာဏာရှင်လက်အောက်မှာ တော့ လူ့အခွင့်အရေးတွေ အမှန်တရားတွေကတော့ ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူး

အခုလို တစ်သက်တစ်ကျွန်းဒဏ်၊ သေဒဏ်ချခံရတဲ့လူငယ်တွေ ပြန်လည်လွတ်မြောက်ဖို့အတွက်ဆိုရင် အပြင်မှာ ရှိနေသူတွေရဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်တွန်းလှန်နိုင်မှုအပေါ်မှာ မူတည်နေပြီး အဲဒီလို သာမဟုတ်ရင်တော့ သူတို့ဘဝတွေမှာ ထောင်ထဲမှာပဲ အဆုံးသတ်သွားရတော့မယ်လို့ ကိုဇေယျာလွင်က ပြောပါတယ်။

"အဲဒီပုဒ်မရဲ့ အမြင့်ဆုံးပြစ်ဒဏ် တပြေးညီချတယ်ဆိုတော့ ဒါကျတော့လည်း တရားစီရင်ရေးရဲ့ အခြေခံမူတွေ ပျောက်ကွယ်သွားတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ ပရဟိတသမား အသက် ၃၁ နှစ်အရွယ် ကိုရန်ပိုင်ထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ဈ) နဲ့ စစ်ခုံရုံးတစ်ခုကနေ ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ပါတယ်။

ဒီလုပ်ရပ်နဲ့ပတ်သက်လို့ သူ့မိခင် ဒေါ်ဌေးဌေးဝင်းက သိပါတယ်။ သတင်းတွေလည်း ကိုယ်ကြည့်နေတယ်။ သေသွားတဲ့ကလေးတွေလည်း တွေ့တယ်။ အဲဒီအတွက် မအေ တစ်ယောက်အနေနဲ့ကတော့ ဘယ်လိုမှ မခံစားနိုင်ဘူး။ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ သားသမီးတွေရဲ့ ဘဝတွေ အသတ်ခံရတာ။ လူသေ တဲ့ကလေးတွေကလည်း သေကုန်တယ်။ မသေတဲ့ကလေးတွေကလည်း ဘဝတွေ အသတ်ခံထားလိုက် ရတယ်လို့ ပြောပါတယ်။

သူ့သားဟာ သူမလုပ်ထားတဲ့အမှုတွေအတွက်ပါ ပြစ်ဒဏ်ပေးခံရတဲ့အတွက် ရှေ့နေတွေနဲ့ တိုင်ပင်ပြီး အယူခံတင်သွင်းဖို့ ကြိုးစားနေတယ်လို့ ဒေါ်ဌေးဌေးဝင်းက ဆိုပါတယ်။

အခုလို သေဒဏ်နဲ့ တစ်သက်တစ်ကျွန်းဒဏ် အပြစ်ပေးခံရတဲ့ လူငယ်လူရွယ်တွေဟာ ဥပဒေချိုးဖောက် ခဲ့လို့ဖြစ်ပြီး သူနဲ့သက်ဆိုင်တဲ့ ပြစ်မှုတွေအတိုင်းပဲ ကျခံရတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီလူငယ်လူရွယ်တွေသည် နိုင်ငံရဲ့ အနာဂတ်တွေဖြစ်တယ်။ ဒီလူငယ်လူရွယ်များသည် တိုင်းပြည်ရဲ့ အင်အားတွေပဲဖြစ်တယ်။ ဒါတွေကို လမ်းမှားရောက်အောင် ဘယ်သူလုပ်နေတာလဲ။ ဒီလူငယ်တွေ ကျနော် ပြောသလို ကိုယ့်ဆရာမကို ပြန်သတ်ရဲတဲ့အထိဖြစ်အောင် ဘယ်သူတွေက တွန်းပို့နေတာလဲဆိုတဲ့ အရင်း အမြစ်တွေကို ရှာဖို့လည်းလိုတယ်။ နှိမ်နင်းဖို့လည်း လိုတယ်။ ဒါတွေကိုလည်း ဆက်လက်ဆောင်ရွက် နေတယ်လို့ပဲ ပြောချင်ပါတယ်

hlaingtharyar.jpg
(စစ်ခုံရုံးက နိုဝင်ဘာ ၂၃ ရက်နေ့မှာ ထောင်ဒဏ်တစ်သက်ချခဲ့တဲ့ လှိုင်သာယာမြို့နယ်က လူငယ်တွေကို တွေ့ရစဥ်) Photo: Myawady

လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကတော့ သေဒဏ်ပေးတာဟာ လူ့အသက်ရှင် ရပ်တည်ခွင့်ကို ထိခိုက် စေတဲ့အတွက် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ မကျင့်သုံးတော့ပေမဲ့ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီက အတော်အသုံးပြုနေတယ်လို့ ပြောကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း ကလည်း အခုလိုထောက်ပြပါတယ်။

လူတိုင်းကို လိုသလို အဓိပ္ပါယ်တွေ ပုဒ်မတွေ တပ်ပြီးတော့ လိုသလို ဖမ်းဆီးလုပ်ဆောင်နေတဲ့ ကာလ အတွင်းမှာ ဒီအချက်တွေက ခိုင်လုံမှုရှိရဲ့လား၊ နောက်တစ်ခါ ခိုင်လုံသော သက်သေအထောက်အထားနဲ့ ငြင်းဆိုပိုင်ခွင့်၊ ခုခံပိုင်ခွင့် ချေပပိုင်ခွင့်ရှိရဲ့လား။ စစ်ခုံရုံးမှာ ဒီအခွင့်အရေးတွေမရပါဘူး။ အဲဒီတော့ မလိုလားအပ်တဲ့ မှားယွင်းမှုတွေဖြစ်နိုင်တယ်။ ဒီကာလတစ်ခုအတွင်းမှာ မဟုတ်ဘဲနဲ့ စွပ်စွဲမှုတွေတင် မကဘဲနဲ့ ကြီးမားတဲ့ ဒီလို ပြစ်ဒဏ်တွေကိုပေးဖို့အတွက် ကာကွယ်ပိုင်ခွင့် ထုချေပိုင်ခွင့်မရှိဘူးဆိုတာ နောက်ထပ်ဆိုးဝါးတဲ့ တရားရေးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုပဲ ဖြစ်ပါတယ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့က ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၁၀၄၅၂  ဦးရှိခဲ့ပြီး လူပေါင်း ၁၉၅၄ ဦးဟာလည်း ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။