မဒေးကျွန်းမှ ပိုက်လိုင်း ဆန္ဒပြသူ ၁၀ ဦး ထောင်ဒဏ်များ ချမှတ်

0:00 / 0:00

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် China National Petroleum Cooperation (CNPC) ရဲ့ ရေနံပိုက်လိုင်း စီမံကိန်းကို ဆန္ဒပြခဲ့ကြသူ ကျေးရွာသား ၁ဝ ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ ဒီနေ့ ထောင်ဒဏ် ၃ လ အသီးသီးချမှတ်လိုက်ပါတယ်။

ကျေးရွာသား ၁ဝ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေ ဦးထိန်လင်းက ဒီအမှုအတွက် အယူခံဝင်သွားမယ်လို့ RFA ကို ပြောပါတယ်။

ဒီကနေ့ တရားရုံးချိန်းမှာ မဒေးကျွန်း၊ ရွာမ၊ ကျောက်တန်းစတဲ့ ကျေးရွာတွေက ဒေသခံတွေ အပါအဝင် ကျောက်ဖြူမြို့နယ် လိပ်ခမော်၊ မလကျွန်း၊ မင်းပြင်စတဲ့ ကျေးရွာပေါင်း ၂ဝ ကျော်က ဒေသခံ ၃ဝဝ ကျော်လောက်က အဲဒီ ၁ဝ ဦးကို ပြန်လွှတ်ပေးဖို့ တရားရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို တောင်းဆိုဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက တရုတ်ကုမ္ပဏီကို ဆန္ဒပြခဲ့စဉ်က ဒေသခံတွေ အတော်များများပါခဲ့တာကြောင့် အရေးယူမယ်ဆိုရင် အားလုံးကို အရေးယူရမှာဖြစ်ကြောင်း ပြောပါတယ်။

"ကျနော်တို့ ဒေသခံတွေအားလုံးက တပြေးညီတောင်းဆိုထားတဲ့ဟာကို ဒီလူ ၁ဝ ယောက်ကို ဘာကြောင့်ချသလဲ၊ ကျနော်တို့အားလုံးကို ဒီ ၁ဝ ဦးနဲ့အတူချပေးပါ၊ ဒါမှမဟုတ် ဒီ ၁ဝ ဦးကို လွှတ်ပေးပါလို့ ကျနော်တို့ တောင်းဆိုပါတယ်"

ဒီနေ့ ကျောက်ဖြူတရားရုံးနားမှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ်ချထားခဲ့ပါတယ်။ မဒေးကျွန်းက ဒေသခံ ၄ဝဝ ကျော်လောက်ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာနဲ့ ဥယျာဉ်ခြံမြေတွေကို နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်းလျော်ပေးဖို့၊ မဒေးကျွန်းဒေသဆိပ်ကမ်းကနေ ကျောက်တန်း၊ ရွာမ၊ ပန်းထိမ်ဆည်ရွာစတဲ့ ကျေးရွာတွေရဲ့ ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းကို ကောင်းမွန်အောင်လုပ်ဆောင်ပေးဖို့၊ ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့၊ လုပ်အားခတွေကို နိုင်ငံတကာစံနှုန်းအတိုင်းရရှိဖို့စတဲ့ အချက် ၉ ချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က မဒေးကျွန်းပေါ်မှာရှိတဲ့ CNPC ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

ကျောက်ဖြူမြို့ တရားရုံးရှေ့က ဒီေန့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးဖြစ်သူ ကိုညီငယ်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။