လယ်သမားအရေး ထောင်ကျသူ သုံးဦး အယူခံမှု တရားရုံးက ပယ်ချ
2014.09.15

မြေယာအငြင်းပွားမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က လယ်သမားနဲ့ လယ်သမားအရေးဆောင်ရွက်သူ ၅၆ ဦးအနက် သုံးဦးရဲ့အယူခံမှုကို ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။ မူလကတင်တဲ့ အယူခံမှုမှာ ၅၃ ယောက်ကို ပယ်ချထားပြီး အထက်ရုံးက လက်ခံထားတဲ့ သုံးဦးရဲ့အယူခံမှုကို ပယ်ချလိုက် တာလည်း ဖြစ်ပါတယ်။
ဒီအယူခံမှုဝင်တဲ့အကြောင်းကို တောင်သူလယ်သမား အရေးဆောင်ရွက်သူ ဦးကောင်းထွန်းရဲ့ ညီမ ဒေါ်စန္ဒာဝင်းက ပြောပြပါတယ်။
"ရွှေဘိုက အဲဒီ့အမှုကို ကြားနာစိစစ်ပြီးတော့မှ ဒီနေ့ အမိန့်ချလိုက်တာ၊ ကျမတို့တင်လိုက်တဲ့ဟာကို ပယ်လိုက်တယ်ပေါ့ဗျာ၊ အထက်ကိုဆက်တက်ပါဆိုတဲ့ သဘောမျိုးပါရှင့်၊ သူတို့က နှစ်မှုနဲ့ အမိန့်ချလိုက်တာပဲ"
ထန်းတပင်ဇီးကုန်းရွာက ILO နဲ့ ဆက်သွယ်သူများ ကွန်ရက်အဖွဲ့ဝင် ဦးကောင်းထွန်း၊ ထောက်ရှာအိုင်ရွာ က ကျေးရွာခွဲအုပ်ချုပ်ရေးမှူး ဦးဝင်းဘိုနဲ့ ပေကြီးရွာက ကျေးရွာခွဲအုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းတို့ကို ကန့်ဘလူမြို့နယ် တရားရုံးက ထောင်ဒဏ်နှစ်နှစ်စီချမှတ်ထားပြီး ဦးကောင်းထွန်းက ပခုက္ကူ ထောင်မှာ၊ ဦးဝင်းဘိုနဲ့ ဦးစိန်ထွန်း က မြင်းခြံထောင်မှာ ထောင်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။ ခရိုင်တရားရုံးက အယူခံမှုပယ်ချလိုက်တဲ့အတွက် စစ်ကိုင်းတိုင်းတရားရုံးကို ဆက်တက်မယ်လို့လည်း ဒေါ်စန္ဒာဝင်းက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ကန့်ဘလူမြို့နယ်က လယ်သမားတွေနဲ့ ချုပ်ဆိုဖို့ တပ်မတော်ကြံစိုက်ပျိုးရေးတပ်က ရေးဆွဲ ထားတဲ့ မြေယာစိုက်ပျိုးလုပ်ကိုင်ခွင့် လွှဲပြောင်းလက်ခံမှု ကတိစာချုပ်နဲ့ နောက်ထပ်စာချုပ်တစောင် ထွက်လာပါတယ်။ ဒါတွေဟာ လယ်သမားတွေ နောက်ဆုံးကြံရာမရဖြစ်ပြီး လက်မှတ်ရေးထိုးရမယ့် စာချုပ်တွေဖြစ်တယ်လို့လည်း ဥပဒေနားလည်သူတွေက ပြောပါတယ်။
ဒီ စာချုပ်တွေအကြောင်း AHRC အာရှလူ့အခွင့်အရေးကော်မရှင် ရှေ့နေ ဦးမင်းလွင်ဦးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။