ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတချို့ အမိန့်မချဘဲ ဒုတိယအကြိမ်မြောက် ထပ်မံရွှေ့ဆိုင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုတွေထဲက အမှုနှစ်ခုကို ဒီနေ့ နေပြည် တော်က တရားရုံးမှာ အမိန့်မချဖြစ်ဘဲ ဇန်နဝါရီလ ၁၀ ရက်ကို ဒုတိယအကြိမ်မြောက် ထပ်မံ ရွှေ့ဆိုင်းလိုက် ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ကတည်းက အမိန့်ချဖို့ ချိန်းဆိုခဲ့တာဖြစ်ပြီး အခုဒီနေ့ရုံးချိန်းမှာလည်း နောက် တစ်ပတ်ကို ထပ်မံချိန်းဆိုလိုက်တာပါ။
ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ဝင်ရောက်စီးနင်းစဉ် သက်တော်စောင့်တွေ၊ ဂိတ်ကင်း တဲနဲ့ ကိုယ်ရေးအရာရှိဆောင်တို့မှာ စကားပြောစက်တွေနဲ့ Jammer (ဆက်သွယ်ရေးလိုင်း ဖြတ်တောက်စက်) တစ်စုံ တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ - ၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၇ နဲ့ စွဲထားတဲ့အမှုတွေ ဖြစ်ပါတယ်။
ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ - ၈ ဟာ အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်နဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ - ၆၇ ဟာ အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်ထိ ချမှတ်နိုင်တဲ့ပုဒ်မတွေ ဖြစ်ပါတယ်။
အဲဒီပစ္စည်းတွေဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကနေ သိမ်းဆည်းရမိတာ မဟုတ်တဲ့အကြောင်း ရှေ့နေတွေက ပြီးခဲ့တဲ့ဇွန်လက ရုံးချိန်းတစ်ခုမှာ ခုခံချေပခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း “ကျမ ဒီပစ္စည်းတွေကို တစ်ခါမှမသုံးဖူးဘူး။ ကျွန်မအိမ်ပေါ်ကလည်း မိတာ မဟုတ်ဘူး” လို့ ရုံးချိန်းတစ်ခုမှာ သူ့ရဲ့ရှေ့နေတွေကို ပြောဆိုဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရတာပါ။
အဲဒီအထဲက သဘာဝဘေးစီမံ ဥပဒေ ပုဒ်မ - ၂၅ နဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အမှုတွေအတွက် ဒီဇင်ဘာ ၆ ရက်က ထောင်ဒဏ် လေးနှစ် ချမှတ်ခံထားရပြီး စစ်ကောင်စီက နှစ်နှစ် ပြန်လျှော့ပေးထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ အဂတိအမှုနှစ်ခုနဲ့လည်း ထပ်တိုး တရားစွဲဖို့ စစ်ကောင်စီဘက်က စီစဉ်နေရာ အဲဒီနှစ်မှုပါ ထပ်တိုးတရားစွဲခံရရင် အမှုပေါင်း ၁၃ မှုအထိရှိလာမှာ ဖြစ်ပါတယ်။
အမှုတွေအားလုံးကို စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း နှစ်ပေါင်းတစ်ရာကျော် ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။