ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်ကို ထောင်ဒဏ် ၂၂နှစ်ချမှတ်
2019.03.19

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့နဲ့ စစ်တွေခရိုင်တရားရုံးကနေ ထောင်ဒဏ်စုစုပေါင်း ၂၂နှစ်ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
တရားရုံးရဲ့အမိန့်မှာ နိုင်ငံတော်ပုန်ကန်မှုအတွက် ထောင်ဒဏ် နှစ် ၂၀၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက် ထောင်ဒဏ် ၂နှစ် ချမှတ်တာဖြစ်ပြီး အမှုနှစ်ခုကို တပေါင်းတည်း ခံစားခွင့်ပြုတဲ့အတွက် ထောင်ဒဏ် နှစ် ၂၀ ကျခံရမှာဖြစ်ပါတယ်။
သူတို့နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ရသေ့တောင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးကိစ္စကို ထည့်သွင်းဟောပြောခဲ့တယ်ဆိုပြီး အစိုးရက ဖမ်းဆီးတရားစွဲဆိုခဲ့တာပါ။
တရားရုံးကို ရာနဲ့ချီတဲ့ဒေသခံတွေ လာရောက်ဝန်းရံခဲ့ကြပြီး အခုလိုနှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တဲ့အပေါ် မကျေနပ်ကြောင်း တရားရုံးရှေ့မှာ ကြွေးကြော်ခဲ့ကြပါတယ်။
ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီကနေ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီနေ့ မနက် တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်အပြီးမှာ ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့အပေါ် ချမှတ်လိုက်တဲ့အမိန့်ကို မကျေနပ်ကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။ဒါဟာ မတရားသဖြင့် ထောင်ဒဏ်ချမှတ်တာလို့ တရားရုံးကို ဝန်းရံသူတွေက ပြောကြပါတယ်။
၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ မှာ ပြုလုပ်မှု ဒါမှမဟုတ် ပျက်ကွက်မှု တစ်ခုခုဟာ ဥပဒေနှစ်ရပ် ဒါမှမဟုတ် နှစ်ရပ်ထက်ပိုတဲ့ဥပဒေတွေအရ ပြစ်မှုမြောက်ရင် ပြစ်မှုကျူးလွန်သူတွေကို အဲဒီဥပဒေတွေအနက် ဥပဒေတစ်ရပ်နဲ့သာတရားစွဲဆိုအပြစ်ပေးရမယ်ဆိုပြီး ပြဌာန်းထားပါတယ်။
အခု ဟောပြောပွဲတစ်ခုကိုအခြေခံပြီး ပုဒ်မ ၁ ခုနဲ့သာ စွဲဆိုရမှာဖြစ်ပေမယ့် ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုတာဟာ တည်ဆဲဥပဒေနဲ့သွေဖယ်နေတယ်ဆိုပြီး ရှေ့နေတွေက တရားရုံးမှာ တင်ပြခဲ့ကြပါတယ်။
တရားရုံးရဲ့ စီရင်ချက်အပေါ် ဒေါက်တာအေးမောင်ဘက်က တရားလွှတ်တော်ရှေ့နေ ဦးစံရွှေမောင် က အခုလိုပြောပါတယ်။
"၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေအရပေါ့လေ ဟောပြောချက်တစ်ခုကို အမှု ၃ မှုစွဲတယ်ပေါ့နော်။ ဒါကို ကျွန်တော်တို့က ရခိုင်ပြည်နယ်တရားလွှတ်တော်ကို အမှု ၃ မှုစွဲတာမှားနေတယ်။ ၁ မှုပဲစွဲပါဆိုပြီးတော့ ကျွန်တော်တို့ကတင်ပြတော့ မအောင်မြင်ခဲ့ဘူး"
ဒေါက်တာအေးမောင်ရဲ့မိတ်ဆွေတစ်ဦးဖြစ်သူ ဦးအောင်သန်းဝေကလည်း
"ဒါဟာ တည်ဆဲဥပဒေစကားရပ်ကိုမှ မျက်ကွယ်ပြုထားတာကျရောက်တယ်ဆိုပြီးတော့ ကျွန်တော် သုံးသပ်ချင်တယ်။ ဒါဟာ ဥပဒေအရ လုံးဝလွဲမှားနေတဲ့ စီရင်ချက်တစ်ခုလို့ပဲ ကျွန်တော်ပြောချင်တယ်"
အစိုးရက နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှု စတဲ့ အမှု ၃ ခုနဲ့ ကနဦးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲက မတရားအသင်းဆက်သွယ်မှုကိုတော့ သက်သေမခိုင်လုံလို့ဆိုပြီး နောက်ပိုင်းမှာ တရားရုံးက ပယ်ဖျက်ခဲ့ပါတယ်။
အမိန့်ချမှတ်ခံရအပြီးမှာ ဒေါက်တာအေးမောင်က အခုလိုပြောခဲ့ပါတယ်။
"နိုင်ငံရေး အင်မတန်ကြောက်စရာကောင်းတယ်။ ကျွန်တော်တို့သွားတဲ့ပြည်ထောင်စုကို နိုင်ငံရေးနည်းလမ်းနဲ့၊ နိုင်ငံရေးပါတီတည်ထောင်တဲ့နည်းလမ်းနဲ့ သွားလို့မရဘူးဆိုတဲ့အဖြေတစ်ခုကို ရသွားရင် ပြည်ထောင်စုဟာ၊ ပင်လုံဟာ၊ ပင်လုံစာချုပ်ဟာ ကျိန်စာဖြစ်သွားလိမ့်မယ်"
ဒီနေ့တရားရုံကိုရောက်ရှိလာတဲ့ စစ်တွေမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးအောင်ဌေးက -
"ဘယ်လိုနည်းနဲ့မှ ဒီဥစ္စာတွေကိုလက်မခံနိုင်ဘူး။ ဒါပေမဲ့ ဖြစ်လာတဲ့ပြဿနာတွေကို ဥပဒေဘောင်အတွင်းက ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတာကို တတ်သိနားလည်တဲ့ပညာရှင်တွေနဲ့ ဖြေရှင်းသွားမယ်။ အဲတော့ အခုရောက်ရှိနေတဲ့လူတွေအနေနဲ့လည်း ဒီပုဒ်မတွေဟာ ထိုက်တန်သလား မထိုက်တန်ဘူးလားဆိုတာကို တရားမျှတမှုလုံးဝမရှိဘူးဆိုတာကို ကျွန်တော်ပြောချင်တယ်"
ဒေါက်တာအေးမောင်ဟာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရတဲံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။